သူတို့အိမ် အခန်း (၂၃၈)

မမြရင်… ဟိုယခင်နေခဲ့တဲ့ရွာ
———————————

 

လေဘာတီမမြရင် ဇာတိ ရွှေဖလားကန်ရွာကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်သွာသည်။ ရွာကလေးက တကယ့် အညာကျေးလက် ရွာစစ်စစ်လေးပါ။ ဖုံထူထူ လှည်းလမ်းကြောင်း၊ ရှားစောင်း ပြာသာဒ်ပင်၊ ရွာလယ်ဇရပ်…၊ နွားအုပ် ဆိတ်အုပ်၊ ရေစည်လှည်း…၊ ထန်းရွက်မိုးတဲ… စတဲ့ အညာကျေးလက် ပုံရိပ်တွေနဲ့ ရွာလေးပါ။ ဒီလိုရွာလေးက နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင်ကြီး တစ်ဦး ပေါ်ထွက်ခဲ့တယ်ဆိုတာ ထူးခြား အံ့သြဖွယ်ရာ ဆိုပေမယ့် မြန်မာပြည်က အနုပညာရှင်ကြီးတွေ အတော်များများကလည်း ဒီလိုကျေးလက်ကပဲ မွေးဖွားပေးခဲ့ကြတာ မဟုတ်ပါလား။

 

 

ရွှေဖလားကန်ရွာကို ရောက်ကြတော့ မမြရင်၏ ညီအစ်မ ဝမ်းကွဲအသက် ၈၀ ကျော်အရွယ် ဒေါ်လှငွေတို့၊ ဒေါ်ပုမတို့နဲ့ တွေ့ပြီး ဒေါ်လှငွေ၏ အိမ်မှာ မမြရင်ဓာတ်ပုံလေး ချိတ်ထားသည်။ မမြရင်၏ အဖိုးနဲ့အဖွားက ဦးကုလား၊ ဒေါ်နွယ်တဲ့။ သူတို့ ဇနီးမောင်နှံက မွေးတာက မမယ်မှုံ တဲ့။ မမယ်သုန် တဲ့။ မဉာဏ်ရုံ တဲ့။ ဦးခန့် တဲ့။ မဉာဏ်ရုံက ရွာမှာ ဆိုင်းမင်းသမီးတဲ့။ ဖောင်တော်ဦး ဘုရားပွဲမှာ တောင်ရွာ မြောက်ရွာ အပြိုင်ကကြရင်း တောမင်းသား ကိုဖိုးသစ်နဲ့တွေ့ကာ အကြောင်းပါကြသတဲ့။ ကိုဖိုးသစ်၏ အဖေကလည်း မင်းသားပဲတဲ့။ ကိုဖိုးသစ်နဲ့ မဉာဏ်ရုံ အကြောင်းပါပြီး မွေးလာတာက ငယ်မည် မလှရင်လို့ ခေါ်တဲ့ မမြရင်ရယ်၊ ကိုဘခင်ရယ် နှစ်ယောက်ထဲဖြစ်သည်။

 

 

ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…
——————————-
မမြရင်တို့ ရွှေဖလားကန်မှာ နေတဲ့ အိမ်ဝိုင်းက အုန်းခြံကြီးတွေနဲ့ ဆိုကိုး…။ အိမ်ဘေးမှာ ချောင်းကလည်း စီးနေသေးသတဲ့။ ရေတွင်းလည်း ရှိသတဲ့။ ထိုရေတွင်းကို အုန္နဲပင်တွင်းဟု ခေါ်ကြသည်။ ကျွန်တော်တို့ ရောက်လို့ မမြရင်၏ အိမ်နေရာကို ပြပါဦးဆိုတော့ ရွာပြင်ဘက်ထွက်ပြီး တစ်ခေါ်လောက်က ကုန်းမို့မို့လေးနေရာကို ဒေါ်လှငွေက လက်ညှိုးညွှန်ပြသည်။ “အဲဒီနေရာလေးက မမရင်တို့ အိမ်နေရာလေး”တဲ့လေ။ အခုတော့ ကန္တာရပင်လေးတွေသာ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေတဲ့ ကျပ်တီးကုန်းလေး…။ အုန်းခြံဆိုတာ ဝေလာဝေး…။ စမ်းရေဆိုတာလည်း အရာမျှမထင် ခမ်းခြောက် ပျောက်ကွယ်ကုန်ပေါ့။

 

“ချောင်းကလည်း ရေအမြဲရှိတော့ ချောင်းကမ်းမှာ အုန်းခြံထဲက ခူးလို့မကုန်နိုင်တဲ့ အုန်းသီးတွေများ ကြွေကျနေတာ စီလို့။ အုန်းပင်တွေနဲ့မို့ အရိပ်ကောင်း လိုက်တာက နေပြောက် မထိုးဘူး။ မမရင်က ရေချိုးရင် ချောင်းဘေးက ရေတွင်းမှာ ချိုးတာ။ နေပူလေး ရချိန်မှ ခေါင်းလျှော်တာ။ သူ့ဆံပင်က လူတစ်ရပ် ဆံပင်တစ်ရပ်မို့ ရေတွင်းဘေး နေပူစာရတဲ့ ကွက်လပ်လေးမှာ ထိုင်ပြီး ရှေ့မှာ ဝါးလုံးတန်း ထိုးထားတဲ့အပေါ် သူ့ဆံပင်ကြီးဖြန့်ပြီး နေလှန်း အခြောက်ခံရတာလေ”တဲ့…။ ဒေါ်လှရင်ကပြောပြသည်။

 

ကျွန်တော်ကတော့ လက်ရှိ မြင်နေရတဲ့ လွင်တီးခေါင် ကျပ်တီးကုန်းနေရာကို မမြရင်တို့အိမ်၊ အိမ်ဘေးက ရေသွင်သွင် စီးနေတဲ့ချောင်း၊ ချောင်းဘေးမှာ ရေတွင်းနဲ့ ဒီအိမ်ဝင်းကြီးကို အုပ်မိုး ဝန်းရံထားတဲ့ အုန်းခြံကြီးကိုပဲ မျက်စိထဲ မြင်လာတော့၏။ အတိတ်မြင်ကွင်းကိုပဲ အာရုံစွဲမိစဉ်မှာ နားထဲ ကြေးနောင်သံလေးနဲ့ သီချင်းတစ်ပုဒ်ကို အသံပြ လိုက်သလို ကြားရတာပေါ့။

 

– စိမ်းလဲ့လဲ့ညိုပြာ… ယိမ်းနွဲ့နွဲ့ဆိုကာ… နေခြည်လည်း မထိုးသေးပါကလား…။ သြော်… ရေနဒီကလည်း မတိုးသေးပါကလား…။ တို့ရွာဂါမာ… မမြရင်… ဟိုယခင်နေခဲ့တဲ့ရွာ…။
– စိမ်းလဲ့လဲ့ညိုပြာ… ယိမ်းနွဲ့နွဲ့ဆိုကာ… နေခြည်ကလည်း ထိုးလို့ပါလား…၊ သြော်… ရေနဒီကလည်း တိုးလို့ပါကလား…။ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…။
ဟုတ်ပါသည်…။ မမြရင် ဟိုယခင် ငယ်စဉ်က နေခဲ့သည့် အိမ်ကလေးမှာတော့ အုန်းပင်၊ အုန်းလက်၊ အုန်းရွက် တွေနဲ့ နေခြည် နေပြောက် မထိုးရအောင် စိမ်းလဲ့ အေးမြနေမှာပေါ့…။ အိမ်နဘေး ချောင်းလေးကလည်း အခုလို မိုးတွေ ညို့ပြီး မည်းမည်းသည်းသည်း ရွာတဲ့ ကာလဆိုရင် ချောင်းရေတွေလည်း တိုးမှာပေါ့။ သီချင်းသံက ဆက်ကြားရ ပြန်ပြီ။
မြနဲ့မောင်နဲ့ အခုမှတွေ့တာ××× လူပါး မဝခင်တုန်းက ပြောပြတော့ ရယ်စရာပါ××× ထဘီလေး တိုတို ဝတ်ကာ ××× မြ ငယ်စဉ်အခါ×××၊ လူထဲ မဝင်ခင်သေးတော့ အလှအပြင် အဆင်ချာ××× မယ်ရင်ကုန်ကုန်ပြောမယ်××× တောသက်သက်မို့ ××× ဘယက်ခွာရရာ ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ် ××× အုန်းမှုတ်ပဲ့ ကိုရှာရှာ ××× ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ ××× ကိုကိုတို့က မြှောက်စားပေမယ့် ××× ဟိုတုန်းကလို မပျော်ပါ ×××

 

လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ
————————————-
လေဘာတီ မမြရင်ရယ်လို့ မြန်မာ တစ်ပြည်လုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေချိန် ရွှေဒင်္ဂါးတစ်ပြား ၁၃ ကျပ်ပဲ ပေးရတဲ့ခေတ်မှာပင် မမြရင်က အငြိမ့်တစ်ပွဲ ၄၅ ကျပ်ရသတဲ့။ ဈေဒချို ရွှေဆိုင်တန်းမှာများ နေ့ပွဲ ကထိန် ကရရင် ရွှေသည် ငွေသည်တွေ သာမက မင်းစိုးရာဇာ ကတော်တွေကတောင် မမြရင် ဝတ်တာစားတာ ငေးကြရသတဲ့။ စိန်အစစ် တဆင်စာ၊ ပတ္တမြားအစစ် တစ်ဆင်စာ စသည်ဖြင့် ရတနာအစစ်တွေချည်း ဝတ်ဆင်နိုင်တာကိုး။ ဒါပေမယ့် အဲဒီ ပြည့်စုံ ကျော်ကြားတဲ့ ဘဝကို မမြရင် မမက်မောပါဘူး။ ရွှေလှောင်ချိုင့်ထဲက ငှက်ကလေးလို ကျဉ်းကျပ်လှပါသတဲ့။

 

သူပျော်မွေ့ မက်မောတာက ငယ်ရွယ်စဉ်ကလေးဘ၀ ဇာတိ ရွှေဖလားကန်ရွာက အိမ်ဘေး၊ ချောင်းရေစပ် ရွှံ့ထဲမှာ ကြွေကျနေတဲ့ အုန်းသီးတွေက အုန်းမှုတ်ပဲ့ တွေယူ၊ အပ်ချည်ကြိုးနဲ့ သီပြီး ဒိုလာပြား ပုံစံ လည်မှာဆွဲ။ ချောင်းစပ်က ရွှံ့တွေခူးပြီး ပုတီးလုပ်ကာ ဆွဲပြီး သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပြေးလွှား ဆော့ကစားရတဲ့ ဘဝကိုပဲ မက်မော ပျော်ရွှင် ပါသတဲ့။ “ဒိုလာ”ဆိုတာက အဲဒီကာလ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေက လာတဲ့ “Dola”ဆိုတဲ့ ရွှေဒင်္ဂါးပြားတွေကို ဝယ်ပြီး အညှောက်တပ်ကာ လည်မှာ ဆွဲကြတဲ့ ခေတ်ကိုး…။ ဒီတော့… ရွာက ကလေးတွေကလည်း အုန်းမှုတ်ခွက်ကိုဖဲ့၊ အပေါက်ဖောက် “Dola”ပြားလို ဆွဲကြတာလေ။ မြန်မာနှုတ်နဲ့ “Dola” က “ဒိုလာ”ဖြစ်ရတာပါပဲ။

 

ကိုင်း… သီချင်းလေး ဆက်နားထောင်ကြည့်ရအောင်…။

“မောင်မောင်တို့က မြှောက်စားပေမယ့် အရင်တုန်းကလောက် မပျော်ပါ။
ကျွန်မတို့ရွာကို ပို့ပါ ပို့ပါ…၊ လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ…။
တယောဘယ်လိုတောတော…၊ အဆန်းဘယ်လိုပေါပေါ
နားဝင်ချိုအောင် ဘယ်လိုပြောပြော…
သဘောမကျနိုင်ဘူး အစ်ကို…၊
ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…”တဲ့…။

 

 

ခရာသံစုံ… ကျူးကျော့် ဉာဏ်ဟုန်
————————————-
တောမင်းသမီးလေး မမြရင်၊ သဘင့်တက္ကသိုလ် မန္တလေး ရွှေမြို့တော်ကြီး ရောက်လာတော့ ပင်ကို အရည်အချင်းကလည်း ပြည့်…၊ ပါရမီကလည်း ပါတာမို့ တမဟုတ်ချင်း ကျော်ကြားပြီး တက္ကသိုလ် ကျောင်းတော်သား တွေက ကိုလိုနီခေတ်မှာ အလိုအပ်ဆုံး အဖိုးတန်အရာ ဖြစ်တဲ့ “လေဘာတီ”ဘွဲ့ကို ပေးအပ် မြှောက်စားခဲ့ရာက လေဘာတီမမြရင်အဖြစ် ထင်ရှားသွားခဲ့တယ်။ ဘယ်လိုပင် ထင်ရှား ကျော်ကြားပေမယ့် မမြရင် တစ်ယောက် မပျော်ပါဘူး။ သူ့ရွာကိုပဲ ပြန်ပို့ပေပါးတယ်။ ရွာမှာက လွမ်းရတဲ့သူ ကျန်ရစ်မှာပေါ့။ အဲဒီလွမ်းရတဲ့သူနဲ့ နှစ်ရှည်ကြာ ခွဲခဲ့ရလို့လည်း တစ်ခဏဖြစ်ဖြစ် တွေ့ရုံလေး ပြန်တွေ့ပါရစေဦးပေါ့။ လေဘာတီမမြရင် ဘဝမှာတော့ ဘေးမှာ တူရိယာသံစုံနဲ့ နားဝင်ချိုအောင် မြှောက်ပင့် ပြောဆိုမယ့်သူတွေနဲ့ ဝိုင်းဝိုင်းလည်နေပေမယ့် ရွှေပြည်စိုး၊ ရွှေပြည်စိုး၊ ရွှေပြည်စိုးလို့ အိမ်ဘေး အုန်းခြံထဲက အော်မြည်နေတဲ့ ငှက်သံလေးလောက် လွမ်းဆွတ် မက်မောဖွယ်ရာ မရှိဘူးတဲ့လေ။
ကျွန်တော်ဟာ ကန္တာရပင်တွေ ကျိုးတိုးကျဲတဲနဲ့ လွင်တီးခေါင်ပမာ ကျပ်တီးကုန်းဖြစ်နေတဲ့ လေဘာတီ မမြရင် ငယ်ဘ၀ အိမ်နေရာဟောင်းလေးကို ခပ်ငေးငေး စိုက်ကြည့်ရင်း အတွေးတွေထဲမှာတော့ စိတ်ကူးပုံရိပ်တွေ တဖျပ်ဖျပ် ပြောင်းလဲလို့…။

 

 

ဒီလိုနဲ့ တကယ်တမ်း မြင်ရနေတဲ့ ပစ္စက္ခပုံရိပ်တွေကဖြင့် တဖြည်းဖြည်း ဝေေ၀ဝါးဝါး…။
သြော်… မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်နေခဲ့တာကိုး…။
“ခရာသံစုံ… ကျူးကျော့် ဉာဏ်ဟုန်…
နန်းဘုံစကြာ၊ ပန်းညို… ပန်းနီ… ပန်းဝါ…
သြော်… ပေါတဲ့နေရာ…၊ တောကွဲ့ဟေမဝါ…”တဲ့လေ။ သီချင်းသံက တဖြည်းဖြည်း ပျောက်ကွယ်ဝေး…။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW