ဆူးငှက်
လေဘာတီ့ သီချင်းတွေ ရွေးကြတော့
——————————–
လေဘာတီ မမြရင် အနှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗွီစီဒီကို ရိုက်ကြမယ်ဆိုတော့ ဘယ်သီချင်းတွေ သုံးမလဲ ဆိုတာကို စဉ်းစားရသည်။ ကျွန်တော်က ပါဝင်ကူညီကြမည့် မင်းသမီး ၂ယောက်နှင့် ယှဉ်၍ သီချင်းကို ရွေးရသည်။ ထိုစဉ်ကာလ ပန်တျာယမင်းအောင်က အသက်၁၉နှစ်ပဲ ရှိသေးသည်။ ဝါရင့် မင်းသမီးကြီး ပန်တျာဌေးဌေးမြင့် က ၅၀ကျော်ရောပေါ့။ သည်တော့ ဒီမင်းသမီး ၂လက်အတွက် ပန်ထျာယမင်းအောင်ကို မမြရင် ငယ်စဉ်က သီဆိုခဲ့သည့် သီချင်းများ သုံးမည်။ ပန်တျာဌေးဌေးမြင့်ကို မမြရင် ကြီးရွယ်ကာလ သီချင်းများသုံးမည်ဟု စီစဉ်လိုက်သည်။ ထို့ပြင် အများကြားဖူးသည့် သီချင်းများလည်း ဖြစ်ရမည်။
ထို့ကြောင့် ပန်တျာယမင်းအောင်က ရှေ့ထွက်ပမာမို့ မန္တလေး သရုပ်ကိုလည်း ပီပြင်စေခြင်းငှာ နန်းတော်ရှေ့ ဆရာတင်၏ မြန်မာ့ ဂုဏ်ရည်ဖြင့် ခံ့ခံ့ညားညား ဖွင့်လိုက်သည်။ ထို့နောက် နန်းတော်ရှေ့ဆရာတင်၏ နံမည်ကျော် ရွှေပြည်စိုးသီချင်း၊ ထို့နောက် မမြရင်၏ ပထွေး ဦးသာဒင်ရေးစပ်သည့် ပန်းသဇင် သီချင်းတို့ကို ရွေးထားသည်။
ဝိသာခါ တဲ့၊ ခေတ်သစ် ဝိသာခါဟုလည်း သိကြသည်
——————————————————-
ပန်တျာဌေးဌေးမြင့် အတွက် နန်းတော်ရှေ့ဆရာတင်၏ အလှူ့ရှင်သီချင်း၊ ထို့နောက် နန်းတော်ရှေ့ဆရာတင်၏ နံမည်ကျော် တုံးကျော်မ သီချင်းတို့ ကိုရွေးထားကာ နောက်ထပ် ဘယ်သီချင်းကို ထပ်ရွေးရမလဲ ဆိုတာ စဉ်းစား နေရသည်။ မန်ဒါလီလား၊ ဘုရားဈေးလား၊ လက်ရည်တပြင်တည်းလား ဝေခွဲမရ ဖြစ်နေသည်။ ထိုစဉ် ထိုခွေအတွက် ရုံးခန်းသဖွယ် အမြဲလူစု တိုင်ပင်ကြတာက ရွှေမန်းသူ ဒေါ်မြင့်မြင့်သန်း၏ သစ်လွင်အငြိမ့် တည်ရာ အိမ်ဖြစ်သည်။ ထိုနေ့က ကျန်သည့်သီချင်းအတွက် ရွေးရခက်နေစဉ် ပန်တျာ မဌေးဌေးမြင့်က “ကိုဆူးကလည်း အသက်ကြီးမှ မမြရင် ဆိုတဲ့ သီချင်းရှိတယ်လေ၊ ဝိသာခါတဲ့၊ အဲ့ဒီသီချင်းနဲ့ အလိုက်ဖက်ဆုံးပဲ”ဟု ပြောသည်။ ထိုသီချင်းကို ခေတ်သစ် ဝိသာခါဟုလည်း သိကြသတဲ့။
သည်တွင် အနားမှာ ရှိနေသော အစ်မ ဒေါ်မြင့်မြင့်သန်းက “ ဖွင့်ချလိုက်ကြစို့ ကိုကို ရယ်၊ ရှင့်ဖေဖေ ငယ်ငယ် တုန်းက အရင်တုန်းက ဟိုတုန်းက၊ တိတ်တိတ်ပုန်း ပိုးခဲ့တာ၊ ကျွန်မနဲ့ နဖူးစာ ရေစက်မပါ၊ မောင့်ဖေဖေနဲ့ မေမေ မင်္ဂလာဆောင်ရာ၊ မြရင်တောင် က သေးတာ၊ အလှူ့ရှင် သီချင်းက ပေါ်လာရာ၊ ရှင့်ကို ရှင်ပြုတာ၊ ရှင်လူထွက်ကြောင့် ခက်နေတာ၊ မယ်ရင်ကို ကြိုက်လို့တဲ့၊ ကြိုက်လို့တဲ့၊ လိုက်လိုက်ပိုးနေရှာ..” ဟု အသံနေအသံထားနှင့် မျက်စ မျက်န ဟန်ပန်နှင့် သီဆိုပြရင်း ကျွန်တော့်ကို “ငါ့မောင်ကလည်း အဲ့ဒီ သီချင်းလေ” ဟု ပြောပြသည်။
မယ်ရင်မှာ အပျိုစစ် ကညာ
—————————
ဟုတ်တာပေါ့။ ဒီသီချင်းကို ရွှေမန်းသူ မြင့်မြင့်သန်းကလည်း အငြိမ့်စင်မှာ အမြဲ သီဆိုသည်။ သူနှင့်လည်း လိုက်ဖက်လှသည်။ ကျွန်တော်က မဌေးဌေးမြင့် ဆက်၍ သီဆိုပြသည့် သီချင်းစာသားတွေကို နားထောင်ရင်း အတော်သဘောကျနေသည်။ “လူဟန်ကို တဖုံပြောင်းလို့ ခေါင်းပေါင်းနှင့် ကျွန်မထံလာ၊ ရွယ်တူလို့ ထင်မမှားနဲ့ ထွားလွန်းလို့ မောင်ကသာ၊ ချစ်တယ်ပြောတာ ရှက်စရာပဲ၊ ကြိုက်တယ်ပြောတာ ရှက်စရာပါပဲ၊ ကျွန်မ အသက် သုံးဆယ် ပြောသော်လည်း ကိုကို မယုံနိုင်ပါ၊ ကျောင်းအမကြီးရယ် ဝိသာခါ မြေးတွေ ရတောင် လှနေမှာ၊ မြရင်တယောက်ကို မြှောက်ပြန်ရာ၊ တော်တော်လာတဲ့ ကိုအပါ၊ အသည်းစွဲနေအောင် အမြဲတမ်း ချစ်ပါဆရာ” တဲ့။ အတော်ကောင်းတဲ့ သီချင်းဖြစ်သည်။
မမြရင် အသက်ကြီးတဲ့ အရွယ် တကောက်ကောက် လိုက်ကာ ချစ်တယ် ချစ်တယ်ဟု ပြောနေသည့် လူပျိုပေါက်ကို မင့်အဖေနဲ့ အမေ မင်္ဂလာဆောင်တုန်းကလည်း မြရင်အငြိမ့်နဲ့၊ မင်းကို အလှူပေးတော့လည်း မြရင်အငြိမ့်နဲ့၊ မင်းရှင်လူထွက်တော့ မြရင်ကို ချစ်သတဲ့လေ ဆိုတော့ မြရင်က ဘုရားလက်ထက်က ကျောင်းအမကြီး ဝိသာခါလို မြေးတွေရနေတောင် လှနေတာကိုးတဲ့၊ ကိုလူပျိုက မြှောက်ပင့် ပြန်သတဲ့။ ထို့နောက် ကျန်အပိုဒ်ကို အစ်မ ဒေါ်မြင့်မြင့်သန်း က ဆက်ပြန်သည်။
“ အမယ်အိုကြီးကဲ့သို့ စိတ်ပုတီးကို လည်မှာ ဆွဲကာ အို.. သွားများကျဲလို့ တောင်ဝှေးဆွဲတောင် ပွဲဖြစ်အောင် မယ်ရင် ကမှ၊ လေဘာတီ ကမှ၊ အလှူပေးဖြစ်ကြမှာ၊ အားလုံးသိတဲ့ အလှူ့ရှင်ကြီးတောင် အဘိုးကြီး ဖြစ်စေတော့ မယ်ရင်မှာ အပျိုစစ် ကညာ” တဲ့။ ဆက်ပြီး သီဆိုပြသည်က “ သည်စာသားများ ဘယ်သူတေး ဘယ်သူရေးတယ်ဆိုတာ၊ သီချင်း စလိုက်ရင်ပဲ တခါ၊ အားလုံးသိကြပြီးပါ၊ အလွန်စတိုင် ကျတဲ့၊ တံခွန်တိုင်ကပါ၊ စာရေးဆရာ ကလေးအရွယ်ပမာ မင်္ဂလာယူစရာ၊ အသက်လည်းပဲ ရှည်စရာ အင်မတန်ဆင်းလိုက်တဲ့ ပထမတန်းစား ဝိသာခါ” တဲ့။
တိုးတိုးတိတ်တိတ် တစ်ရွာလုံး သိတာ
—————————————
ကိုင်း.. ဒီသီချင်းက ဘယ်သူရေးတာလဲ ဆိုတော့၊ အလွန်စတိုင်ကျတဲ့ တွခွန်တိုင်ကပါ တဲ့၊ သီချင်းရေးဆရာက သူ့နံမည်ကို ဖုံးသော်လည်း ညိုမြလုပ်နေတော့သည်။ သူ့သီချင်းထဲပါသလို သီချင်းစလိုက်ရင်ပဲ တခါ၊ အားလုံးသိကြပြီးပါ ဟု ဆိုသလို အဲ့ဒီ အချိန်က အိမ်ထောင်ရေး ကိစ္စအတွက် တံခွန်တိုင်မှာ တစ်ယောက်ထဲသွားနေတဲ့ သီချင်းရေးဆရာလေ၊ သူတံခွန်တိုင်ရွာမှာ ရှိတယ်ဆိုတာ မင်းမို့ပြောတာ၊ ဘယ်သူ့မှ မပြောနဲ့နော်ဟု တိုးတိုးတိတ်တိတ် တစ်ရွာလုံး သိထားကြတာလေ။ ဘယ်သူရှိရမလဲ နန်တော်ရှေ့ဆရာတင်ပဲ ဖြစ်သည်။ ဆရာတင်က အဲ့သလို နောက်သည်။ ထိုသီချင်းကို ရိုက်ကူးရာတွင် ပန်တျာဌေးဌေးမြင့် သီဆိုတော့ ဦးလှအောင်တို့ အငြိမ့်ဆိုင်းအဖွဲက အုပ်စုံ ကိုစန်းမောင်၏ လက်စွမ်းပြ ဖြစ်သည်။ ကျွန်တော်တို့ ရိုက်ကူးကြသော ၂၀၀၄ခုနှစ်မှာပင် မန္တလေးမှာ အငြိမ့်ဆိုင်း အစစ်မရှိတော့။
ထို့ကြောင့် ကျန်ကောင်း ကျန်ရာ ပညာရှင်များ စုစည်းပြီး ဝိုင်းဖွဲ့ရသည်။ တီးဝိုင်း ခေါင်းဆောင် ပတ္တလားမောင်းဆိုင်း ဦးလှအောင်၊ နှဲ ဦးမြဝင်း၊ ကြေးတီး ကိုသန့်စင်၊ ဒိုးတီး ဦးညွန့်တင်၊ ကိုသန်းမောင်၊ အုပ်စုံ ကိုစန်းမောင် တို့က မန္တလေး အငြိမ့်ဆိုင်း သမားစဉ်အတိုင်း အပီအပြင် တီးမှုတ်ကြသည်။ အထူးသဖြင့် အုပ်စုံ ကိုစန်းမောင်က စည်တို၊ ဘင၊် တရုတ်မောင်း အစုံ၊ လင်ကွင်း ကြီးသေးလတ်၊ စည်းဝါးသာမက ပါးစပ်ကလည်း ခရာနှင့် အငြိမ့် အဆစ်အစုံကို သွက်လက်စွာ အားဖြည့် ပေးခဲ့သည်။ အခု ထိုဝင်းတော်သားများထဲမှ အုပ်စုံ ဦးစန်းမောင် တစ်ယောက်ပဲ ကျန်းကျန်းမာမာ ကျန်တော့သည်။ ကျန်သူများ ဆုံးပါးသွားကြပါပြီ။ အုပ်စုံ ဦးစန်းမောင် ဆိုသည်ကလည်း မန္တလေးမှာ တစ်ဦးတည်း ကျန်တော့သည့် အုပ်စုံ ပညာရှင် ဖြစ်သည်။
တကယ်တော့ လေဘာတီ မမြရင်အကြောင်း ပြောကြစို့ဆိုလျှင် သူ့ဇာတိ ရွှေဖလားကန်ရွာ သာမက သူခေါင်းချခဲ့သည့် စဉ့်ကိုင် အနီးက ဧည့်ပြရွာကလည်း အရေးပါသည်။ တစ်ခုတော့ ရှိတာပေါ့။ ရွှေဖလားကန်က သူ့ဘဝ ရွှေဖလားကို ရွှေနားသာမက ပတ္တမြားအနား ကွပ်သည့် အောင်မြေ ဖြစ်သည်။ ဧည့်ပြရွာကတော့ မမြရင်အဖို့ ဧည့်သည်မို့ ဧည့်သည်လို သူ့ဘဝနိဂုံးချုပ်ခဲ့ရသည့် လွမ်းရသည့် ရွာကလေး ဖြစ်ခဲ့သည်။ သြော် .. စစ်ကြီးအတွင်း ဆိုတော့လေ..။
အငြိမ့်စင်ပေါ် သီဆိုဟန်နှင့် တီးဝိုင်းနှင့် သီဆိုဟန်
—————————————————
ကျွန်တော့်ကို အစ်မများဖြစ်သည့် ရွှေမန်းသူ(ဒေါ်)မြင့်မြင့်သန်း နှင့် ပန်တျာ (မ)ဌေးဌေးမြင့် တို့က လေဘာတီ မမြရင်၏ သီချင်းများကို ဟန်နှင့် ဌာန်နှင့် မာန်နှင့် ပီပြင်စွာ သီဆိုပြကြသည်ကို နားထောင်ရသောအခါ နောက်ပိုင်းတွင် အချို့မင်းသမီးလေးတွေက အငြိမ့်သီချင်းကို စင်ပေါ်မှ အာမထိ လျှာမထိ သီဆိုနေကြသည်ကို ကြားရသောအခါ အဆင်မပြေဟု သိသည်။ ထို့အတူ ဇာတ်ခုံပေါ်က ၂ပါးသွားခန်းတွင် ဇာတ်သီချင်းများကို အချို့ဇာတ်မင်းသားတွေ သီဆိုကြသံကြားရတော့လည်း ရင်ထဲ မရောက်သလို ခံစားရသည်။ ဥပမာ ရွှေမန်းတင်မောင်၏ ဇာတ်သီချင်းများကို ပြန်လည် သီဆိုကြသည့် အခါမှာပင် အရသာမရှိသလို ခံစားနေရသည်။
ရှေးက အငြိမ့်မင်းသမီးများသည်ပင် အငြိမ့်စင်ပေါ် သီဆိုဟန်နှင့် တီးဝိုင်းနှင့် သီဆိုဟန်က ကွဲပြားသည်။ အခု အငြိမ့်မင်းသမီးအချို့နှင့် ဇာ်မင်းသား အချို့က အငြိမ့်စင်မှာရော၊ ဇာတ်စင်ပေါ်မှာရော တီးဝင်းနှင့် သီဆိုရာမှာရော မကွဲပြားတာ တွေ့ရသည်။ အထူးသဖြင့် သူတို့ စင်တွေမှာ အငြိမ့်သံ ဇာတ်သံ မပေါက်ဘဲ တီးဝိုင်းပေါ် သီဆိုသံလို ပါးလျပ်လျပ်ပဲ ကြားနေရ၏။ ဒါကို ဘယ်သို့ ဘယ်ပုံဟု မသုံးသပ်တတ်ခဲ့ပေ။ ဤသို့ဖြင့် သည်ပြဿနာ၏ အဖြေကို နောင် ၉နှစ်ကြာမှ သိရှိ သဘောပေါက်တော့သည်။
မြိုမနှင့် မာမာအေး
———————-
ထိုနေ့က ၂၀၁၃ခုနှစ်ဇွန်လ ၈ ရက်နေ့က မန္တလေးမြို့တော်ခန်းမ ၁ မှာအစ်မကြီး မာမာအေး၏ ဂီတပွဲ ုကို မြို့မနဲ့တွဲဖက် ကျင်းပသည်။ ဒီပွဲမှာ မြို့မက ကနဦးအဖွင့် အောင်မင်္ဂလာ ယိုးဒယားသီချင်းကို တီးမှုတ်ပြီး ဖွင့်သည်။ ဒီအဖွင့် အစီသစဉ်က မြို့မ မူပါ။ မန္တလေးမူပါ။ မန္တလေးမှာက ဂန္တဝင် မဟာဂီတ သီချင်းကြီးတွေကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည့် အစဉ်အလာကို မန္တလေးသားတွေက ထိန်းသိမ်းခဲ့ကြသည်။
ဂန္တဝင် အဆိုတော်ကြီး မာမာအေး၏ တေးဂီတ အစီအစဉ် အဖွင့်မှာ နန်းတော်ရှေ့ ဆရာတင်ရဲ့ ‘လက်ရေ တပြင်တည်း’သီချင်းကို မြို့မနဲ့တွဲဖက် ဖျော်ဖြေသွားသည်။ ဒီကနေ့ အစ်မကြီးမာမာအေးရဲ့ ‘လက်ရေတပြင်တည်း’ ဆိုဟန်ဆိုပေါက်ကို ကြားရသည့်အခါ လွန်ခဲ့သော နှစ်ပေါင်း ၃ဝကျော် ကာလက မြို့မ ပင်တိုင် အဆိုတော်ကြီးများ ဖြစ်ကြသည့် ဦးသိန်းတန်နှင့် ဦးဖူးအံ့တို့၏ ‘လက်ရေတပြင်တည်း’ကို ၂ယောက်တွဲ သီဆိုခဲ့ကြသည့် ဟန်ကို ပြန်လည် မြင်ယောင်မိသည်။ ဦးသိန်းတန်က လက်နှစ်ဖက် ကိုယှက်ပြီး ရှေ့မှာချ၊ မျက်နှာကိုမော့၊ မျက်မှန်ကြီး တဝင်းဝင်းနှင့်..။ ဦးဖူးအံ့ကလည်း မိုက်ရှေ့မှာ မားမားကြီး ရပ်ပြီး ကွမ်းမြုံ့ကာပရိသတ်ကို ပြုံးပြုံးကြီး မျက်နှာမူလို့..။ လက်ရေတပြင်တည်း၏ ခြေဆင်းပိုဒ်ကို ဦးဖူးအံ့က သီဆိုပြီးသည့် အခါမှာ ‘ဟေ့..သူငယ်ချင်းရေ..’ ဆိုသော စာသားလည်း အရောက်၊ ၂ယောက်သား မျက်နှာချင်းဆိုင်ပြီး၊ လက်ဆွဲ နှုတ်ဆက်လိုက်ကြသေးရဲ့..။ ဒီတင် ပရိသတ်က ဝေါကနဲ ပွဲကျသွားတော့သည်။
ထိုအချိန် ဦးသိန်းတန်နဲ့ ဦးဖူးအံ့ ဆိုတာကလည်း အသက် ၆ဝကျော်၊ ၇ဝ ဝန်းကျင်တွေလေ။ ထိုအရွယ်မှာ ရှိသေးသည့် အသံကိုထိန်းပြီး ပညာသားပါပါနှင့် သီဆိုသွားကြတာကလား။ အစ်မကြီး မာမာအေးကလည်း လွန်ခဲ့သည့် နှစ်၃ဝ ဝန်းကျင် မြို့မဧည့်ခံတေးတွေ သီဆို အသံသွင်းစဉ်ကာလ၊ ငယ်မူငယ်သွေး၊ ငယ်သံနုနုကို ကြိုက်သလို တင်ပြီး သီဆိုတာ မဟုတ်ဘဲ၊ အရွယ်နှင့် လိုက်ဖက်သည့် အသံမှာ ခံ့ခံ့ညားညား ပညာသားပါပါ သီဆိုသွားတာကြားလိုက်ရတော့ ကျေနပ်ပီတိ ဖြစရသည်။ တကယ့် သမ္ဘာပါပဲ။
အစ်မကြီးက အခုအသက်အရွယ်မှာ ‘မြို့မသီချင်း’တွေနဲ့၊ ပိုပြီးလိုက်ဖက်ပါပေတယ်လို့ ဆိုရမည်။ မြို့မ သီချင်းတွေက ‘အချွဲ့၊ အနွဲ့၊ အရစ်၊အဆွဲ’ ထက် ‘အဖြတ်၊ အတောက်၊ အရှူ၊ အရှိုက်၊ အပင့်၊ အနား’ တွေနှင့် သီဆိုရသည်ဟု နားလည်ထားသည်။ အစ်မကြီး မာမာအေးလို မြန်မာစကားလုံး၊ မြန်မာအသံထွက် အပေါ် စနစ်တကျ ဂရုမူလေးနက်သူနှင့် ပိုပြီး အဆင်ပြေသွားသည်။ မြို့မသီချင်းတွေက ဟန်နဲ့မာန်နဲ့ ဋ္ဌာန်နဲ့ ဆိုရလေတော့ အစ်မကြီး၏ အသံ၊ မာန်၊ ဋ္ဌာန် တွေနဲ့ စရွေးကိုက်ဖြစ်သွားသည်။
အကောင်းလွန်နေတာလား
—————————–
‘မြို့မနှင့်မာမာအေး’ ဂီတအစီအစဉ် မှာ ဝါရင့်အဆိုတော်ကြီး အကယ်ဒမီချိုပြုံးကလည်း ‘လက်ဟောင်းမြို့မ’ ပီပီ သူသီဆိုနေကျ မြို့မသီချင်းတွေကို အပီအပြင် သီဆိုသွားခဲ့သည်။ ဒီပွဲမှာ ထူးထူးခြားခြား သတိထားမိတာက ဖိုးသောကြာပါပဲ။ အခုတော့ သီချင်း ဆိုသက်လည်းရ..၊ အတွေ့ အကြုံလည်းရှိ၊ လေးစားဂ ရုစိုက်မှုလည်း ပိုတဲ့ ဖိုးသောကြာဟာ အများကြီး အဆင်ပြေ တိုးတက်လာသည်။ သူ့ဖခင် အဆိုတော် ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာသုမောင် ကလည်း မြို့မသီချင်းတွေနဲ့ လိုက်ဖက်လှသမို့ ‘လက်ဟောင်းမြို့မ’ကြီးပါပဲ။ အခု ဖိုးသောကြာက သူ သီဆိုသွားတဲ့ ‘အောင်ပင်လယ်’၊ ‘လှောင်’ ..စသည့် သီချင်းတွေမှာ မြို့မဟန်အတိုင်း ပီပြင်စွာ သီဆိုသွားနိုင်ခဲ့သည်။
အစ်မကြီး မာမာအေးကို လာရောက် ဂါရဝပြု သီဆိုကြသော အဆိုတော်များနှင့် ပတ်သက်ပြီး၊ မာမာအေးက တစ်ယောက် သီဆိုပြီးတိုင်း သုံးသပ်ပြတဲ့ အချက်အလက်တွေက အလွန် မှတ်သားထိုက်ပါ၏။ သီချင်း သီဆိုတယ်ဆိုရာမှာ စာသား ပီပြင်မှု၊ နှုတ်ဖျားက မဟုတ်ဘဲ ရင်ထဲက ပါဝင်စေမှု၊ သက်ဆိုင်ရာ သီချင်းစာသားကို မှန်မှန်ကန်ကန်နှင့် အဓိပ္ပာယ်ပေါ်အောင် ခံစားသီဆိုနိုင်မှုများ၏ အရေးကြီးပုံကို အစ်မကြီးက စင်ပေါ်က ရှင်းပြသွားသည်။ အဆိုတော်မလေး တစ်ယောက်က မြို့မသီချင်း တစ်ပုဒ်ကို သီဆိုသွားရာမှာ အမူအရာနှင့်ပါ ပီပီပြင်ပြင် ကဲကဲသည်းသည်း သီဆိုခဲ့သည်။ ဒီသီချင်းလည်း ပြီးရော အစ်မကြီးမာမာအေးက ‘သမီး သီဆိုသွားတာ သိပ်ကောင်းပါတယ်။ အကောင်းလွန် သွားပါတယ်။ လွန်သွားတဲ့ အကောင်းတွေ နည်းနည်း လျှော့လိုက်ရင် ပိုကောင်းပါတယ်။ ပရိသတ်ကြီးရှင်.. ဒီသမီးလေးက နယ်မှာ သူ့ဖခင် ဆိုင်းအဖွဲ့နဲ့ သီဆိုနေတာမို့၊ သူ့သီဆိုမှုမှာ ဆိုင်းဟန်တွေ ပါနေတာပါ။ သမီးရေ မြို့မလို တီးဝိုင်းမျိုးနဲ့မှာ အဲလိုဟန်မျိုးနဲ့ မဆိုရဘူးကွဲ့’ တဲ့။ အင်မတန် ပညာသားပါသည့် သင်ပြမှုပါပဲ။
အငြိမ့်မင်းသမီး ဆိုဟန် ဆိုပေါက်
————————————-
အခု ကျွန်တော်တို့ မမြရင် ရာပြည့် အစီအစဉ် အတွက် ပန်တျာဌေးဌေးမြင့်က ဝါရင့် မင်းသမီးကြီးပီပီ အငြိမ့်သီချင်းကို အငြိမ့်ဟန် အပြည့်နှင့် အပီအပြင် သီဆိုသည်။ အထူးသဖြင့် ဝိသာခါ သီချင်းက အငေါက်လေးတွေ အဖိလေးတွေပါတော့ အတော်မိအောင် သီဆိုနိုင်သည်။ အကယ်၍ ထိုသီချင်းကို မြို့မကဲ့သို့ တီးဝိုင်းမျိုးနှင့် သီဆိုလျှင် အစ်မ ပန်ထျာဌေးဌေးမြင့်က အခုလို ပစ်ခတ် သီဆိုမှာ မဟုတ်၊ ခပ်နုနုလေး သီဆိုပါလိမ့်မည်။ ထို့ပြင် အသက်၁၉နှစ်သာ ရှိသေးသော ပန်တျာ ယမင်းအောင် က မြန်မာ့ဂုဏ်ရည်သီချင်းကို သီဆိုတော့ အစ်မ ရွှေမန်းသူ မြင့်ါမြင့်သန်းက သူ့သမီး တပည့်ကို အငြိမ့်ဟန်ပေါက်အောင် သီဆိုနိုင်ဖို့ စံနစ်တကျ သေချာ သင်ပေးသည်း ဘေးမှာ လူရွှင်တော်ကြီး ဦးထင်ပေါ် ကလည်း ပန်တျာ ယမင်းအောင်ကို စာသားများ မလွဲစေအောင်သာမက ဆိုဟန်ဆိုပေါက်တွေလည်း သင်ပေးခဲ့သည်။
သြော်.. အနုပညာဟူသည် ပါရမီသာမက လေ့လာအားနှင့် ဝီရိယလည်း လိုသည်။ လေဘာတီ မမြရင်ဟူသည်။ ထိုအရည်အချင်းများနှင့် ပြည့်ဝလှသည်။ တကယ်တော့ စန်းဆိုသည်မှာ ထိုအရည်အချင်းများ အလျော့မရှိဘဲ ပြည့်ဝ အားသန်နေမှုပဲ ဖြစ်ပါ၏။ သို့သော် ကံကြမ္မာဟူသည် ဖြစ်ပျက်လောကဓံနှင့် တိုက်ရိုက် ဆက်စပ်နေသောအခါ စန်းကလည်း မကယ်နိုင်တော့ပေ။ လေဘာတီ မမြရင်ဟု ဟိုးလေးတကျာ် အခြေအနေက ဒုတ်ယကမ္ဘာစစ်ဟူသော ဖြစ်ပျက်မှု အောက်တွင် ရှေ့မတိုးနိုင်တော့ပေ။
ဆူးငှက်
