ကျွန်တော့်မိသားစု
————————–
သည်နေရာတွင် ကျွန်တော့်မိသားစုအကြောင်း ပြောပါဦးမည်။ ရှေ့တွင် အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ ကျွန်တော့်မိဘ ၂ပါးက ဘုတလင်မြို့၏ အရှေ့ကုန်းရိုးရှိ သဖန်းအမည်ရှိ ရွာကလေး ဇာတိဖြစ်သည်။ အဘ က ဘုန်းကြီးကျောင်း ပညာရေးပဲ တတ်ကျွမ်းသည်။ အမေ့ခမျာ စာပင် မတတ်ရှာခဲ့။ ၁၆နှစ်သား ၁၆နှစ်သမီးအရွယ် အိမ်ထောင်ကျကြပြီး မန္တလေးတက်လာကာ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းစားကြရသည်။ အမေက ၁၃၀၀ပြည့်မတိုင်မီ လူမျိုးရေး အထိကရုဏ်း ကိုပင် မီလိုက်သေးသည် ဆိုတော့ ၁၂၉၀ကျော် ကာလကတည်းက မန္တလေးသို့ ရောက်လာကြပုံရသည်။ ကျွန်တော့်တွင် မွေးချင်း ၅ယောက်ရှိရာ ကျွန်တော် တစ်ယောက်တည်းသာ ယောက်ျားလေးပါပြီး အငယ်ဆုံးလည်း ဖြစ်သည်။ ကျွန်တော့်အထက်က အစ်မ ၄ယောက်တွင် အကြီးဆုံးက ရွှေကုန်သည်နှင့် အငယ်ဆုံးအစ်မက အကပညာရှင်ဖြစ်ပြီး ကျန်၂ယောက်က လက်လုပ်လက်စား အရောင်အဝယ်များဖြစ်ကာ အတန်းပညာကလည်း အလယ်တန်းအဆင့်သာ ရှိခဲ့ကြ၏။
အဘနှင့်အမေက ၁၆နှစ်သားလောက်ကပင် မန္တလေးရောက်ခဲ့သော်လည်း အသက် ၇၀ကျော်အထိ ဒေါင်းရိုးရပ် စိုင်ပြွန်မင်းသားကြီးဝင်းအတွင်း မေတ္တာဖြင့် ထားသည့် သူများမြေပေါ်တွင် နေထိုင်ခဲ့ရသည်။ ကျွန်တော်က စိုင်ပြွန်ရိပ်သာ တွင် ထေိုင်စဉ် ၁၉၈၃ခုနှစ်က အိမ်ထောင်ကျသည်။ ထို့နောက် ဟေမာဇလရပ်ကွက်ရှိ အစ်မကြီးတို့၏ တိုက်တွင် ပြောင်းရွှေ့ကာ အဘက အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့၏။ အစ်မကြီးတို့၏ ဟေမာဇလရပ် အောင်ရတနာ တိုက်မှ ၁၉၉၉ခုနှစ်တွင် လက်ရှိနေထိုင်သည့် နန်းရှေ့သရက်ကုန်းရပ်ကွက်လေးက လယ်တောအိမ်လေးသို့ ပြောင်းရွေ့ ခဲ့သည်။ ထိုသို့ ပြောင်းရွှေ့သောအခါ အမေက အသက် ၉၀ရှိပြီ။ အမေက သရက်ကုန်းအိမ်လေးမှာပင် သိမ်းမလား ဆည်းမလား ပြောင်းရမလား ရွှေ့ရမလား ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်ကာလ အသက် ၉၃နှစ်တွင် ဆုံးပါးခဲ့သည်။ သည်တော့ အဘရော အမေရော ၁၂၉၀ခုနှစ် ဝန်းကျင် ကာလကပင် မန္တလေးသို့ အခြေချခဲ့သော်လည်း ကိုယ်ပိုင်မြေ ကိုယ်ပိုင်အိမ်နှင့် မနေနိုင်ခဲ့ကြရှာပေ။
စာသမား ယောင်ယောင်
—————————
သည်အဘနှင့် သည်အမေက မွေးပြီး ပညာကလည်း ဟုတ်တိပတ်တိမတတ်၊ နင်လားငါလား လုပ်ကိုင် စားမယ်ဆိုသည့် ဝီရိယလည်းမရှိ၊ သည်ကြားထဲ စာယောင်ယောင် ပေယောင်ယောင်နှင့် လက်ကြော မတင်းခဲ့သည့် ကျွန်တော်ကလည်း အိမ်ထောင်ကျလို့ ကလေး၂ယောက်သာ ရသည် ဘာမှ လက်ဆုပ်လက်ကိုင် တူတူတန်တန်မရှိ၊ သူများပေးစာ ကမ်းစာနှင့်ပဲ လက်ဝေခံဖြစ်နေသည်။ သား၂ယောက်ကို ၈တန်း ၉တန်း ၁၀တန်းမှာ VEC က ဆရာမကြီး ဒေါ်ဝင်းဝင်းမေနှင့် ဆရာဦးလှပိုင်တို့က ကျောင်းထားပေးသည်။ ၉တန်းကတည်းက ကွန်ပျူတာ ဝါသနာ ပါသော သားအကြီးကို ပန်းသီးကွန်ပျူတာလေး တစ်လုံး ဦးမျိုးခင် က စွန့်ကျဲသည်။
ထို့နောက် AAT ဒေါ်အေးအေးသန်းက သူ့ထံတွင် သင်တန်းတွေ အခမဲ့တက်စေကာ ကွန်ပျူတာ အသစ်တစ်လုံး အရစ်ကျ ဝယ်ယူ နိုင်အောင် ကူညီသည်။ ထို့နောက် ELC ဦးကျော်ဇောကလည်း သူ့ကျောင်းက ဂရပ်ဖစ်သင်တန်းကို FOC ဖြင့် ဆက်တက် စေသည်။ သားအငယ် ကတော့ ထူးခြားသည်။ သူကလည်း ငယ်စဉ်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားသော်လည်း ဘာသင်တန်းမှ မတက်ဘဲ ကိုယ်တိုင်လေ့လာသည်။ သူက ဂီတဘက်မှာ ပိုအားသာသည်။ ငယ်စဉ်ကတည်းက ဂီတာတီးသည်။ ဂီတကို လေ့လာသည်။ ဆရာဦးရွှန်းမြိုင်၏သား ကိုပါရမီရွှန်းက ဂီတသင်တန်း ဖွင့်တော့ တက်ချင်သည်ပူဆာသဖြင့် ကျွန်တော်က အပ်ပေးသည်။ ပထမအကြိမ်မှာ သူဇွဲမရှိ။ နောက်တစ်ကြိမ်မှာ သူ ပြန်တက်တော့ စွဲစွဲမြဲမြဲလေ့လာသည်။ ဂီတနှင့် ပတ်သက်သည့် Audio Engineering ပိုင်းကို တစိုက်မတ်မတ် လေ့လာသည်။ သူက ဂီတလိုင်း၊ သားအကြီးက Graphic Design လိုင်း။ ကိုင်း.. ဇနီးဖြစ်သူ ခင်သော်ဇင် ကရော..။
အရောင်းအဝယ် ကုန်သည် အသိုင်းအဝန်း
———————————————-
ခင်သော်ဇင်တို့ အဖိုးအဖွားများက ဝက်လက်နယ် သစ်ဆိမ့်ကြီးရွာ ဇာတိဖြစ်သည်။ ဒါက သူ့မိခင်ဘက်က။ သူ့ဖခင် ဘက်ကလည်း ဝက်လက်ဇာတိဖြစ်သည်။ သူ့မိခင်ဘက်က အဖိုးအဖွားကို အဖေကြီး အမေကြီးဟု ခေါ်ကြသည်။ သူ့အဖေကြီး အမေကြီးတို့က သင်္ဘောတန်းတွင် နေထိုင်ကြပြီး သစ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ သူကလည်း သူ့မွေးချင်း ၅ယောက်မှာ တစ်ဦးတည်း မိန်းကလေးဖြစ်သည်။
သူက သူ့အဖေကြီး သူ့အမေကြီး အုပ်ထိန်းမှုအောက်မှ ကျွန်တော်နှင့် အိမ်ထောင်ကျသည်။ သူ့အဖေကြီး ဦးလှဖေ က နံမည်ကျော် တန်ခိုးကြီး ဘုရား စူဠာမုနိ ရုပ်ပွားတော်၏ ဘုရားဒကာကြီး ဖြစ်ကာ သင်္ဘောတန်းနေအိမ်မှာ ယခုထိ ကိုးကွယ်ထားရှိသည်။ ဦးလှဖေက ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) နှင့် ရင်းနှီးကျွမ်းဝင်ပြီး သစ်ဆိမ့် အတိတ်သာသနာသမိုင်း စူဠာမုနိ ရုပ်ရှင်တော်မြတ်သမိုင်း စသည့် စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့၏။ နောက်ထပ်လည်း သမိုင်းသုတေသန စာအုပ်တစ်အုပ် ပြုစုဆဲတွင် ကွယ်လွန်သွားခဲ့သည်။
စာအုပ်တောထဲ ရောက်လာတော့
—————————————
ခင်သော်ဇင်၏ မိဘအသိုင်းအဝန်းတွင် အဖေကြီး ဦးလှဖေသာလျှင် စာပေ သမိုင်း စာအုပ်စာပေ ဝါသနာပါ မွေ့ထုံ သော်လည်း ကျန်အားလုံးက ကုန်သည်ပွဲစား အရောင်းအဝယ်သမားများသာဖြစ်သည်။ သည်တော့ ခင်သော်ဇင်က ကျွန်တော်နှင့် အိမ်ထောင်ကျမှသာ စာပေနှင့်သာမက စာအုပ်အငှားဆိုင်ဖွင့်ရကာ စာအုပ်တွေနှင့်ပါ လုံးထွေး နေရတော့သည်။ အိမ်မှာ လာကြသူတွေဆိုတာကလည်း စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာ ပန်းချီဆရာ နှင့် ဓာတ်ပုံဆရာတွေချည်း ဖြစ်သည်။ ထိုအခါ ခင်သော်ဇင့်မှာ သူနှင့် စိမ်းလှသော စာပေစကား အနုပညာစကားတွေ မနက်မိုးလင်းမှ ညာဉ့်နက် သန်းခေါင်တိုင် မကြားချင်အဆုံး ကြားနေရသည်။
မနက်လင်းတာနှင့် ပန်းချီဆရာ စိုးဝင်းငြိမ်းရောက်လာသည်။ ခဏနေတော့ ကာတွန်းဆရာ အော်ပီကျယ် ရောက်လာကာ ကျွန်တော့်ကို ခေါ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ဆိုင်ကို လိုက်လာသူတွေက ဆရာ သိုက်ထွန်းသက်၊ ဆရာချမ်းမင်းအိမ်၊ ဆရာညိုထွန်းလူ၊ တခါတရံ မန္တလေးသို့ ရောက်လာသော မောင်နေသစ် (ရေဦး)၊ နောက်တော့ ခင်သော်ဇင်လည်း ဆေးတက္ကသိုလ်က စာရေးဆရာမ ညိုညိုတင်လှနှင့်အတူ လက်ဖက်ရည်ဆိုင်သို့ လိုက်လာ ထိုင်တတ်ပြီ။ ဆရာမ နှင်းဆီအောင်လည်း ပါတတ်သပေါ့။
စနေ တနင်္ဂနွေလို ရက်မျိုးဆိုလျှင် ကျွန်တော်က ခင်သော်ဇင့်ကို ခေါ်ပြီး ဘူတာကြီးအနောက်ဘက် ၇၉လမ်းပေါ်က နွေဒေသ (နောက်တော့ ရွှေဒေသ) စာအုပ်ဆိုင်သို့ သွားကာ ကိုထိန်လင်း(ကဗျာဆရာ ) နှင့် ဇနီး အစ်မကြီးဒေါ်မြင့်မြင့်ဦးတို့နှင့် ဆုံကြသောအခါ ဆရာအုန်းမြင့်လှိုင် ဇနီး ဆရာမ ချစ်ခြင်းလှိုင် နှင့် ကဗျာဆရာမ မစိမ်းပင်တို့နှင့် အမြဲတွေ့ရသည်။ နောက်တော့ ဆရာမ မစိမ်းပင်လည်း မနက်လင်းလျှင် အိမ်သို့ရောက်လာကာ ခင်သော်ဇင်နှင့် အဖွဲ့ကျပြီး ဆေးပေါ့လိပ်ကြီး ဖွာရင်း စာဖတ်နေတတ်သည်။
ညနေစောင်းတော့ အိမ်သို့ရောက်လာသူတွေက ဆရာကြည်လင်အေး၊ ဆရာချမ်းမင်းအိမ်၊ ဆရာညိုထွန်းလူ၊ ဆရာကိုရိုးကွန့်၊ ဆရာအော်ပီကျယ်၊ ဆရာစိုးဝင်းငြိမ်း၊ ဆရာ ဝင်းစည်သူ၊ ဆရာပိုင်စိုးဝေနှင့် ဆရာမညိုညိုတင်လှတို့ ဖြစ်သည်။ သူတို့နှင့်လည်း စာအုပ်ဆိုင် သိမ်းပြီး ၁၁နာရီလောက်အထိ ၇၅လမ်းပေါ်က အဆိုတော် ဥမ္မာတို့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ကြပြန်၏။
သည်ဆရာဆရာမများထဲတွင် ကျွန်တော်တို့ မိသားစုရေးရာများအထိ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆရာဆရာမများက ကိုသိုက်ထွန်းသက်၊ ကိုညိုထွန်းလူ၊ ကိုအော်ပီကျယ်၊ ကိုစိုးဝင်းငြိမ်းနှင့် ဆရာမညိုညိုတင်လှတို့ ဖြစ်ပါ၏။ ကိုညိုထွန်းလူနှင့် ကိုအော်ပီကျယ်တို့က ခင်သော်ဇင့့်ကို နှမရင်း တစ်ယောက်လို စောင့်ရှောက်ရုံမက ကလေးတစ်ယောက်လို စပြောင်နေတတ်သည်။ ကိုသိုက်ထွန်းသက်ကတော့ အစ်ကိုကြီး တစ်ယောက်လို စောင့်ကြည့် ကူညီ၏။ ကျွန်တော်နှင့် ခင်သော်ဇင် စိတ်အခန့်မသင့်လို့ ခင်သော်ဇင်က သူတို့ သင်္ဘောတန်းအိမ်ဆင်းသွားလျှင် ကိုသိုက်ထွန်းသက်က သူ့စက်ဘီးကြီးနှင့် သွား၍ချော့မော့ကာ တင်ခေါ်လာတတ်သည်။
ရစ်တာ တည၊ တောင်းပန်တာ တည
—————————————–
ကိုအော်ပီကျယ်က ညပိုင်း ယစ်လာလျှင် ဘယ်လောက် ညာဉ့်နက်နက် အိမ်သို့ရောက်လာပြီး ကျွန်တော့်ကိုနှိုးကာ စကားပြောသည်။ ထိုမျှမက ခင်သော်ဇင့်ကိုလည်း မရမကနှိုးကာ စကားတွေပြောကာ သန်းခေါင်သန်းနွဲမှ ပြန်သည်။ ဒါက ကိစ္စမရှိ။ နောက်ရက် မသောက်တော့သည့် အချိန်မှာ တစ်ညလုံး လာ၍ တောင်းပန်ပြန်၏။ တောင်းပန်တာကလည်း ခင်သော်ဇင့်ကိုပါ ခေါ်ကာ သန်းခေါင် သန်နွှဲထိ တောင်းပန်သည်။ ကျွန်တော်က “ကိုဝင်းနိုင်ရာ အချင်းချင်းတွေ ပြောစရာမလိုပါဘူးဗျ၊ တောင်းပန်စရာလည်းမလိုပါဘူးဗျာ” ဟုလည်း ပြောမရ၊ “မဟုတ်ဘူး ကိုကျော်ဆန်းရ၊ ကျွန်တော်က မကောင်းဘူးဗျ၊ ခင်ဗျားတို့ အိပ်နေချိန်ကြီး ရောက်လာပြီး ရစ်မိတာ၊ ကျွန်တော်ဆိုတာပါဗျာ၊ မခင်သော်ဇင့်ကိုလည်း တောင်းပန်ပါတယ်ဗျာ၊ နောက် အဲ့လို မဖြစ်စေရပါဘူး၊ ကျွန်တော်တောင်းပန်ပါတယ်ဗျာ” ဟု အကြိမ်ကြိမ်ပြောသည်။ ရတယ် ကိစ္စမရှိဘူး၊ ရပါတယ်ဗျ ဟု ပြောလို့လည်းမရ။ သန်းခေါင်ကျော်ထိ တောင်းပန်နေလို့ မနည်းပြန်လွှတ်ရသည်။
ဆရာဒေါက်တာနည်ဝင်း (ကြည်ဇော်ဝင်း) ကလည်း မကြာမကြာရောက်လာသည်။ သူမလာလည်း ကျွန်တော် တို့က သူ့အိမ်သို့ သွားကာ လက်ရာကောင်းသော သူ့ဇနီး မဝင်းတင်၏ ထမင်းအိုး ဟင်းအိုးကို လှန်ကြသည်။ သူကလည်း ခင်သော်ဇင့်ကို ဒေါ်သော် ဒေါ်သော်ဟု ခေါ်ကာ အတည်ပေါက် စတတ်ပြောင်တတ်သည်။ ခင်သော်ဇင်က ဒေါက်ကြီးနော်ဟု ဇိုးဇိုးဇတ်ဇတ်ပြန်ပြောလျှင် တဟဲဟဲနှင့် သဘောကျနေ၏။
နောက်တော့ ဆရာနေဝင်းမြင့်လည်း ရန်ကုန်က ရထားဆင်းတာနှင့် ဘူတာနှင့်နီးသော ကျွန်တော့်အိမ်သို့ ရောက်လာကာ ခင်သော်ဇင့်ဖို့ ဝယ်လာသည့် ဂျေဒိုးနပ်တွေ ပေးရင်း နားနားနေနေ လက်ဖက်ရည်ဆိုင်ထိုင်ပြီးမှ တည်းခိုသည့် တရုတ်တန်းက သုခတည်းခိုခန်းသို့ သွားသည်။ ပန်းချီဆရာထဲက စိုးဝင်းငြိမ်းကတော့ မိသားစုလိုပေါ့။ ကိုခင်မောင်စန်းတို့ မချိုတို့ ဇနီးမောင်နှံကတော့ တစ်ရပ်ကွက်ထဲမို့ စာအုပ်ငှားရင်း ညတိုင်းရောက်လာသည်။ ထို့နောက် ပန်းချီဘိုစောကလည်း ညတိုင် စက်ဘီးဒယီး ဒယိုင်နှင့် ဝင်လာပြန်သည်။ ကိုစိုင်းကျော်လူကတော့ တခါတရံမှလာသော်လည်း အေးအေးဆေးဆေးထိုင်ကာ သူများပြောတာတွေ တဟဲဟဲနှင့် နားထောင်နေတတ်သည်။
နောက် နဂို ဝန်ထမ်းဘဝကတည်းက ရင်းနှီးခဲ့သော ဦးမျိုးခင်က ထန်းရိပ်ညို ပန်းချီပြခန်းဖွင့် ဒိတ်လက်ဖက်ရည်ဆိုင်ဖွင့်တော့ လူက ပိုစုံသွားသည်။ ကျွန်တော့် အစ်ကိုဝမ်းကွဲများ ဖြစ်ကြသော ဓာတ်ပုံ ကိုကျော်ဝင်း (လှဂုဏ်ရည်) တို့ ကိုမောင်မောင်မြင့်တို့လည်း ထန်းရိပ်ညိုမှာ စတည်းချကြသည်။ သည်မှာ မဟာနန္ဒာ ကိုမျိုးဝင်းလည်း ရောက်လာပြီပေါ့။ ထိုသို့ အိမ်မှာရော အပြင်မှာပါ အမြဲတွေ့ဆုံနေကျသူတွေက အနုပညာသမား များချည်း ဖြစ်သောအခါ အရောင်းအဝယ် ကုန်သည်အသိုင်းအဝန်းတွင် ကြီးပြင်းခဲ့သည့် ခင်သော်ဇင်လည်း အနုပညာနှင့် မစိမ်းတော့။ သည်စကားတွေက နားရည်ဝနေပြီ။ သည်ညှော်ကို နေ့စဉ် တဝတပြဲ ရှူရှိုက်နေရလို့ ညှော်ဝနေပြီ။
ဟ ဒီကောင်မလေး ဖြစ်တယ်ဟ
———————————–
၂၀၀၄ခုနှစ်ဝန်းကျင် ဦးမျိုးခင်၏ ထန်းရိပ်ညိုက ကျွန်တော့်အိမ်ဘေး သရက်ကုန်းမှာလည်း တိုးချဲ့လိုက်တော့ သည်ထန်းရိပ်ညိုခြံမှာ ပန်းချီဆရာကြီးတွေ ပန်းပုဆရာကြီးတွေသာမက လက်ရင်းစာရေးဆရာတွေ ကဗျာဆရာတွေ ဓာတ်ပုံဆရာတွေ အပြင် လက်သစ် မီဒီယာသမား လူငယ်လေးတွေလည်း စုဝေးကြ၊ စကားဝိုင်းဖွဲ့ကြ၊ စာတမ်းဖတ်ကြ၊ ပြပွဲ ခင်းကျင်းကြ ရန်ကုန်က ဆရာကြီး ဆရာမကြီးတွေ ပင့်ဖိတ်ဟောပြောကြ၊ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖြစ်ကြသည်။ သည်ပွဲတိုင်းမှာ အိမ်ခံ မိန်းကလေးအနေနှင့် ရေနွေးအိုးတည်သည်မှအစ ထမင်းချက် ဟင်းချက် ဧည့်ခံတာဝန်က ခင်သော်ဇင် ဖြစ်လာတော့၏။
သည်တင်ပဲ ပန်းချီဦးထွန်းစိန်၊ ဒေါက်တာကိုကိုကြီး၊ ဦးတင်ထွန်း၊ ရာဟုလာ၊ ဦးမျိုးခင်၊ ကိုတင်မောင်ဦး စသည့် ဆရာကြီးများ၏ ပန်းချီအနုပညာဆိုင်ရာ စကားဝိုင်းတွေက စကားတွေ သူက နားရည်ဝနေတော့သည်။ တခါတရံ ဆရာကြီးတွေ စကားဝိုင်းမှာ ကလေးတစ်ယောက်လို ဝင်ပြောတာတွေရှိလာတော့ သမီးတစ်ယောက်လို တူမတစ်ယောက် လို သူ့ကို ရင်းနှီးသော ဆရာကြီးတွေက “မိသော်ရာ နင်က ဘာသိလို့လို့လဲ၊ နင်တတ်ရင်လည်း သွား ဟိုပေါ်မှာ ကင်းဗတ်အသစ်နဲ့ ဆေးတွေ စုတ်တံတွေရှိတယ်၊ သွားဆွဲချည်၊ ငါတို့ စကားကောင်းကောင်း ပြောပါရစေ” ဟု နားအေးအောင် နှင်လွှတ်သည်။ သည်မှာပဲ မျက်စေ့ရည်ဝ နားရည်ဝနေသော ခင်သော်ဇင်က ကင်းဗတ်အသစ်ပေါ် ဆေးတင်ကာ စုတ်တံကိုင် ပန်းချီဆွဲပြလိုက်တော့ “ဟ ဒီကောင်မလေး ဖြစ်တယ်ဟ” ဟု အံ့အားသင့်ကုန်ကြသည်။
ကံများကောင်းချင်တော့ နောက်ရက်မှာ ရောက်လာသည့် နိုင်ငံခြားသား ဝယ်လက်က ပြခန်းသို့ ဝင်လာသည်နှင့် ခင်သော်ဇင့် ပန်းချီကားရှေ့က မခွာတော့ဘဲ ဝယ်သွားတော့၏။ ဤသို့ဖြင့် ခင်သော်ဇင်လည်း K T Zin နံမည်ဖြင့် ပန်းချီဆရာမ ဖြစ်ခဲ့ပြီ။
အနုပညာမိသားစုတဲ့
————————-
သည်တော့ ကျွန်တော်တို့ မိသားစုက စာရေးဆရာ ပန်းချီဆရာမနှင့် သားအကြီးက ဂရပ်ဖစ်ဒီဇိုင်း၊ သားအငယ်က အောရီယို အင်ဂျင်နီယားရင်း ဟူသော အနုပညာမိသားစု ဆိုတော့ ကိုင်း တိုတိုပြောကြပါစို့ ၂၀၁၉ ကိုဗစ်ကာလမှစ၍ အခုထိ အလှပြင်ဆိုင်ဖွင့်ထားသော ချွေးမနှစ်ယောက်၏ ဝင်ငွေကိုပဲ မှီခိုနေရသည်လေ။
ကျွန်တော်ရေးရမည့် စာပေပလက်ဖောင်းတွေမရှိတော့၊ ကျွန်တော့် စာအုပ်တွေ မထုတ်နိုင်ကြတော့၊ K T Zin ၏ ဝယ်လက်တွေ မလာနီုင်ကြတော့၊ သားကြီး၏ ဂရပ်ဖစ်ဒီဇိုင်းတွေ ဈေးကွက်ပျောက်ပေါ့၊ သားငယ်ဆီ သီချင်းအပ်ကြ တီးလုံးထည့်ကြ အသံသွင်းကြမည့် လူငယ်တွေ မရှိကြတော့။ ၂၀၁၉၊ ၂၀၂၀ မှသည် ၂၀၂၁သည်ဘက် အဆိုးဆုံးပေါ့။ မျိုးဥတွေ ပြုတ်စားခဲ့ရတာလည်း ကုန်ပေါ့။ သည်အချိန်တွင် သားကြီးက မွေးသော မြေးအကြီးလေးနှင့် သားငယ်က မွေးသော မြေးမလေးတို့နှင့် ဘဝအမောကို ဖြေနေရသည်ပေါ့။
ငါတို့အိမ်
———-
ဘာပဲပြောပြော ကူညီသူကြောင့် လက်လွတ်လုလု ဆုတ်ကိုင်ခဲ့ရသော သရက်ကုန်း မြေကွက်လေးကို တရားဝင် ပိုင်ဆိုင်ခွင့် ရခဲ့ပြီလေ။ အဘတို့ အမေတို့ ဖြစ်ချင်လှသော ကိုယ်ပိုင်မြေလေး မန္တလေးဟူသော ဘူမိနက်သန်တွင် ရယူနိုင်ပြီလေ၊ သူများမြေ သူများအိမ်တွေမှာ မျက်နှာငယ်နှင့် နေခဲ့ရသော ဘဝက လွတ်ပြီလေ၊ ငါအိမ် ငါ့မြေဟု သံသယကင်းစွာ ခေါင်းပြားအောင် အိပ်နိုင်ပြီလေ၊ ငါ့သရက်ပင်လေးတွေ ရေလောင်းပါ့၊ ငါ့နှင်းဆီပန်း မွှေးလှပါ့၊ ငါ့ရေချိုတွင်း အေးမြပါ့၊ ငါ့ စပယ်ပန်း သင်းပါလှ၊ ငါ့ပိတောက်ပင် ရွှေဝါဆင်ပြီပါ့။ ဤသို့သော နောက်ဆံမတင်း စိတ်ချ ရမှုက အရသာရှိလှသည်။ ငါတို့အိမ်လေ။ အသက်၆၀ကျော်မှ ရရှိသော ပီတိပေါ့၊
သည်မှာတင် အဘပြောခဲ့သော စကားတစ်ခွန်းကို သတိရမိပါ၏။ “ကိုယ့် အိမ်ကိုယ့်ယာနှင့် နေနိုင်အောင် ကြိုးစားကြ၊ ထမင်းတစ်နပ်ပဲ စားရတာ လူမမြင်ဘူး၊ နေစရာမရှိတာက လူသိတယ်နော်”တဲ့။ အခု ထမ်း၂နပ်ကို ဆီဆားလူး စားရစေဦး ဒီနေစရာလေး မှာ “ငါ့အိမ်” ဟု ဣန္ဒြေရပြီလေ။ သို့သော် အဘမရှိတော့၊ အမေမရှိတော့။
မင်နီ ပလပွနှင့် ရီပို့ကတ်
————————
ပြန်လှန် စဉ်းစားကြည့်လိုက်တော့ ဘဝတွင် တတိယအရွယ်သို့သာ တိုင်ခဲ့သည်။ ဘဝ၏ ရီပို့ကတ်မှာက မင်နီခြစ်အချို့နှင့် အမှတ်၄၀ဖြင့် အောင်သည်ဆိုရုံ မှတ်တမ်းတွေချည်း ဖြစ်သည်။ စီးပွားရေးဘာသာရပ်က ၁၅မှတ်လောက်နှင့် မင်နီခြစ်ထားသည်။ အလားတူ လူမှုရေးဘာသာရပ်၊ ဘာသာရေးဘာသာရပ်၊ ပရဟိတ ဘာသာရပ်တွေမှာလည်း မင်နီခြစ်တွေ ဖြစ်ခဲ့သည်။ ကျန်းမာရေးနှင့် ပညာရေးက အောင်မှတ်ရသည်ဆိုရုံပဲ ဖြစ်သည်။ တော်သေးသည် ထိုရီပို့ကတ်တွင် လက်မှတ်ထိုးရမည့်သူက ကိုယ်တိုင်ပဲ ဖြစ်နေလို့ ငယ်စဉ်ကလို အဘအလုပ်ရှုပ်နေမှ ဆီစက် ဘွိုင်လာ အိုးနား သွားပြီး ၄၀ဝပ်မီးလုံးနီကျင်ကျင်အောက်မှာ ဘောပင်ဇွတ်ထိုးပေးပြီး လက်မှတ်ထိုး ခိုင်းစရာ မလိုလို့။
ထိုစဉ်ကာလ ကိုယ့်ရီပို့ကတ်မှာလည်း မင်နီပါလာလျှင် အဘကို မြင်မြင်ထင်ထင်နေရာ လက်မှတ် မထိုးခိုင်းဝံ့ခဲ့ပေ။ စာမေးပွဲကျလို့ဟူ၍ အဘက ဆူလားပူလား ကြိမ်းလား မောင်းလား ရိုက်လား ပုတ်လား လုပ်လေ့မရှိပါ။ သို့သော် အသက်၆၀နား အရွယ်အထိ တစ်နေ့ ၃ကျပ် ၈၅ပြားဖြင့် ဘွိုင်လာမီးထိုး၊ အမေကလည်း အသက်၆၀ကျော်အထိ ဆီဗျပ်ခေါင်းရွက်ပြီး မြို့လုံးအနှံ့ ဈေးရောင်းပြီးု ကျောင်းထားပေးခဲ့ရာ စာမေးပွဲတွေမှာ မင်နီမှတ်တွေနှင့် ကျရှုံးနေသည့် ရီပို့ကတ်ကို မြင်မြင်ထင်ထင်တွင် အဘကို လက်မှတ် မထိုးခိုင်းဝံ့ပေ။ ထို့ကြောင့် ရီပို့ကတ်အား သေချာမကြည့်နိုင်သည့် အပြင် မျက်မှန်လည်း တပ်မထားနိုင်သည့် ဘွိုင်လာမီးထိုးချိန်ကျမှ အဘကို လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည်။
နာစရာက လွမ်းစရာ
————————-
နှစ်၆၀ကျော်ကာလ ဟိုဘက်က အဘတို့ အမေတို့ အိမ်ထောင်ကျစမှသည် လတ်တလော အခြေအနေအထိ မှတ်မိသမျှ ပုံရိပ်တွေက အရိပ်ပြပွဲပမာ တဖျပ်ဖျပ် ပေါ်လာသည်။ ဒီပုံရိပ်တွေက တစ်ပိုင်းတစစီ ဖျပ်ခနဲပေါ်ခဲ့သော်လည်း ပုံရိပ် တစ်ခုချင်းစီအပေါ် တူးဆွ စဉ်းစားမိတော့ လွမ်းစရာ့ ငယ်ဘဝတွေမှသည် ရုန်းကန်ရသည့် ခရီးလမ်း ခရီးကြမ်း တွေကိုလည်း ပြန်ပြောင်းသတိရမိတော့ နာစရာကို လွမ်းစရာနှင့် ဖြေရသည်ဟုပဲ ဆိုရမည်။ မောလိုက်တာလေ။ သို့သော် ကျော်ဖြတ်ခဲ့ရသည်များမို့ ပြန်လည်တွေးမိ သတိရတိုင်း အင်အားတစ်ခူတော့ ပြန်လည် ဖြစ်တည် စုစည်းနိုင်ပါ၏။ သည်တော့လည်း ပုံရိပ်ဖြတ်ပိုင်း အစိတ်အပိုင်း အချို့ကို ဒုတိယမ္ပိ ပြန်လှန်တွေးလိုက်မိပါ၏။ ဤသို့ဖြင့်၊
ဆူးငှက်
