ထောက်ကြံ့က တက္ကစီယာဉ်မောင်းကို သတ်ပြီး ပစ္စည်းလုယက်ခဲ့သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်

နိုဝင်ဘာ ၂၆ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်မှ အသက် ၆၄ နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးသော်တာအေးကို သတ်ဖြတ်ပြီး လုယက်မှု ကျုးလွန်သူနှစ်ယောက်ကို မင်္ဂလာဒုံခရိုင် တရားရုံးက မနေ့ နိုဝင်ဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်လိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြစ်မှု ကျူးလွန်သူတွေဖြစ်တဲ့ ထက်ဝေဦး (ခ) ကျော်ဇင်ဖြိုးနဲ့ ငြိမ်းချမ်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂ အရ ထောင်ဒဏ် နှစ် ၂၀ စီ၊ ပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
“ငါးလလောက်အကြာမှာ အပြီးသတ်အမိန့် ချနိုင်ခဲ့တာပါ။ တရားခံတွေဘက်က အစပိုင်း စစ်ဆေးချက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း ဖြစ်သွားသလိုမျိုး ထွက်ဆိုခဲ့ကြပေမယ့် သက်သေခံ အထောက်အထားတွေနဲ့ ဒဏ်ရာ အနေအထားတွေအရ ကြိုတင်ကြံစည်ပြီး လုယက်သတ်ဖြတ်ခဲ့တာ ထင်ရှားပါတယ်။ ဒါကြောင့် တရားရုံးက ထိုက်သင့်တဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေထဲက တခုကို ချမှတ်လိုက်တာပါ” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်က တက္ကစီယာဉ်မောင်း ဦးသော်တာအေး နေအိမ်ကိုပြန်လာနေချိန် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ယောက်က ကားငှားရမ်းစီးနင်းခဲ့ပြီး လူပြတ်တဲ့နေရာ အရောက်မှာ ဦးသော်တာအေးကို ဓားနဲ့ထိုးသတ်ကာ လက်ကိုင်ဖုန်း သုံးလုံးနဲ့ ငွေကြေးတွေ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မိသားစုဝင်တွေက မော်တော်ကားမှာ တပ်ဆင်ထားတဲ့ GPS စနစ်မှတဆင့် ရှာဖွေခဲ့တာမှာ ဦးသော်တာအေးကို ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး တရားခံတွေကိုတော့ ဦးသော်တာအေးရဲ့ ရက်လည်အခမ်းအနား ပြုလုပ်တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အခုလို အငှားယာဉ်မောင်းတွေကို ပစ်မှတ်ထားကာ ခြိမ်းခြောက် လုယက်မှုနဲ့ သတ်ဖြတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး အမြန်လမ်း မိုင်တိုင် ၂၇၉/၁ အနီးမှာ အသက် ၃၄ နှစ်အရွယ် အငှားယာဉ်မောင်းတယောက် အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်က ပြစ်မှု ကျူးလွန်သူဟာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်) မှ အသက် ၂၂ နှစ်အရွယ် ရဲတပ်သား ရဲရင့်အောင်လို့သိရပြီး အဲဒီ စက်တင်ဘာလ ၆ ရက်နေ့မှာပဲ ညတွင်းချင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကလည်း သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ၊ အသက် ၅၆ နှစ်အရွယ် အငှားယာဉ်မောင်း ဦးစံသိန်း အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူတွေဟာ ထက်ရှိုင်းဇော် (၁၇) နှစ်နဲ့ သက်ဝေဦး (၁၇) နှစ်တို့ဖြစ်ပြီး အခင်းဖြစ်ရာမှာ ပျောက်ဆုံးနေတဲ့ မော်တော်ယာဥ်နဲ့အတူ အောက်တိုဘာ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW