ရန်ကုန်၊ ဇွန် ၂ – ၂၀၁၉
သူရိန်(VOM)
မြန်မာနိုင်ငံက ထောပတ်သီးတွေ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
“တရားဝင်ပို့ခွင့်ရရင် ကောင်းမွန်တဲ့ ကုန်သွယ်ရေးတစ်ခု ဖြစ်လာမှာပါ။ ကျနော်တို့က တင်ပို့မယ်လို့သာပြောတာ အရည်အသွေးကို အာမခံနိုင်တဲ့ အသီးတွေက ၂၀၂၁ လောက်မှ စထွက်မှာပေါ့။” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊တင်ပို့ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်။
အရည်အသွေးမီ ထောပတ်သီးတွေ မနှစ်ကတည်းက ထွက်နေပြီဆိုပေမယ့် အရေအတွက်မီအောင် မထုတ်နိုင်သေးတဲ့အတွက် တိုးချဲ့စိုက်ထားတာရယ်၊ ပိုကောင်းတဲ့အရည်အသွေးမီ သစ်သီးဖြစ်ဖို့ရယ်အတွက်ဆို လာမယ့် ထောပတ်သီးရာသီဖြစ်တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ရနိုင်တော့မှာမို့ အဲဒီအချိန်ကစပြီး တရုတ်ကိုတင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
ထောပတ်သီး၊ ငှက်ပျောသီး၊ ဝဥ၊ ကျွဲကောသီးနဲ့ ဖာလာစေ့တွေကို တရုတ်နိုင်ငံထဲ တရားဝင်တင်ပို့ရောင်းချနိုင်ရေးအတွက် တရုတ်နိုင်ငံကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနဲ့ ကွပ်ကဲရေးဝန်ကြီးဌာန (AQSIQ) စာရင်းမှာပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ ရောင်းချသူများအသင်းကနေ တရုတ်အစိုးရကို တင်ပြခဲ့တာပါ။ တင်ပြထားတဲ့ သစ်သီးဝလံငါးမျိုးထဲက ထောပတ်သီးကို တရားဝင်စတင် တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီး ၈၀ ရာ ခိုင်နှုန်းဝန်းကျင်ကို ထိုင်းနိုင်ငံကိုအဓိက တင်ပို့ပါတယ်။ တရုတ်နိုင်ငံကို ၅ ရာခိုင်နှုန်းဝန်းကျင် တင်ပို့နေတာဖြစ်ပြီး စင်္ကာပူ၊ ထိုင်ဝမ် ကလည်း အရည်အသွေးကောင်း ထောပတ်သီးတွေ ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းထားပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်စိုက်ဧက ၃၀၀၀ ဝန်းကျင်ရှိပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့မှာ စိုက်ပျိုးထုတ်လုပ်ပါတယ်။
#voiceofmyanmar # တရုတ်နိုင်ငံကိုထောပတ်သီးတရားဝင်တင်ပို့ခွင့်ရ #၂၀၂၁ # ရန်ကုန်