လက်ပံတန်း၊ ဇွန် ၅ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း လက်ပံတန်းမြို့မှာ လာမယ့်ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ပိုင်အင်းတွေကို မနေ့ ဇွန် ၄ ရက်က ပထမအကြိမ် လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ရရှိခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
“အင်းပေါင်း ၃၄ အင်းကို လေလံတင်ရောင်းတာပါ။ အင်းဆွဲလက်မှတ်ဝယ်ယူထားတာက ၂၈ ဦးပါ။ အဲ့ဒီထဲမှာ အစုအဖွဲ့အနေနဲ့ လျှောက်တဲ့ တစ်ဖွဲ့ရတယ်။ အစုအဖွဲ့နဲ့လျှောက်ထားတာတွေကိုလည်း ထပ်စစ်ပြီးတော့ ဥပဒေနဲ့ညီရင် လုပ်ကိုင်ခွင့်ပြုမှာပါ။” လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးဇော်မင်းလွင်က ပြောပါတယ်။
အင်းပေါင်း ၂၀ ကို လေလံ ရောင်းချရငွေ စုစုပေါင်း သိန်း ၈၉၀ ကျော် ရရှိထားပြီး ကျန်နေသေးတဲ့အင်းတွေကိုလည်း ဒုတိယအကြိမ် အင်းလေလံမှာ ဆက်လက်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
“အင်းတွေမှာ နွေရာသီဆိုရင် ထင်းတွေခုတ်ကြတယ်။ ငါးတွေဆိုလည်း ဥဥချိန်မှန်းမသိ အကုန်းဖမ်းကြတယ်။ ဒီလိုတွေလုပ်နေမယ်ဆိုရင် ငါးမျိုးပြုတ်လိမ့်မယ်။ ဒါတွေကို အင်းသားကြီးတွေက တောတွေ၊ သစ်ပင်တွေ၊ ထိန်းသိမ်း၊ ငါးတွေကို မျိုးဥချိန် မဖမ်းဘူး။ သူတို့ကမှ ထိန်းသိမ်းတတ်တာပါ။ ဒါကြောင့် အင်းတွေကို လေလံ ပေးပြီးနောက်နှစ် ဥပဒေ အတိုင်း နှစ်ရှည်အငှါးဂရံ (ကြေးတိုင်အင်း) ဆက်လျှောက်ခွင့်ပေးရပါတယ်။ အဓိက ကတော့ငါးမျိုးမပြုန်းဖို့၊ အင်းလေ လံပေးတာပါ။” လို့ သာယာဝတီ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစုံမှိုင်းက ပြောပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ ရေချိုငါးလုပ်ငန်း ဥပဒေကို၂၀၁၈ ခုနှစ်က ပြင်ဆင်ပြဌာန်းခဲ့ပြီးနောက် ဒေသတွင်း ရေလုပ်သားတွေအတွက် သက်ဆိုင်ရာ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်စေပြီး အင်းလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနကသက်မှတ်တဲ့ ကြမ်းခင်းဈေးနှုန်းအောက် မနည်းတဲ့နှုန်းထားနဲ့ဝယ်ယူရမှာ ဖြစ်ပြီးသက်ဆိုင်ရာ အင်းတစ်အင်းကို လုပ်ကိုင်ခွင့် လျှောက်ထားတဲ့အခါ ဒေသတွင်း ရေလုပ်သား အစုအဖွဲ့ တစ်ဖွဲ့ထက်ပိုခဲ့ပါက ဈေးပြိုင်စနစ်နဲ့ အင်းလေလံတင်ရောင်းချမယ်လို့ ပြဌာန်းထားပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ လက်အောက်ရှိ ဦးစီးဌာနတွေထဲမှာ ငါးလုပ်ငန်ဦးစီးဌာနက အခွန်ရငွေ အများဆုံးစာရင်းထဲမှာ ပါရှိတယ်လို့ သိရပါတယ်။
#voiceofmyanmar # လက်ပံတန်းမှာလာမယ့်ဘဏ္ဍာနှစ်အတွက်အင်းလေလံတင် #သိန်း၈၀၀ကျော်ရ #ပဲခူး #လက်ပံတန်း