ရန်ကုန် ၊ ဇူလိုင် ၂၀-၂၀၁၉
သူရိန် (VOM)
ရန်ကုန်တက္ကသိုလ်က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်း အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီးပုဒ်မ ၁၉ နဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း၊ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်ထူးဝေယံကို လွှတ်ပေးရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှုတွေကို ဖြေရှင်းပေးရေး၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“အဓိက ကတော့ မတရားဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ အတွက် အသံတိတ်ဆန္ဒပြရတာပါ။ ပထမတော့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုပေမယ့် ဝန်ကြီးချုပ်နဲ့ထွေအုပ်က လာရောက်ညှိနှိုင်းလို့ အသံတိတ် ဆန္ဒပြရတာပါ။ ဆဲဗင်းဇူလိုင် မှာချီတက်အလေးပြုတာကို တိုင်းအစိုးရအမိန့်နဲ့ ကျောင်းသားတွေကို မတရားဖမ်းဆီးတာတွေလည်း လုပ်နေ ကြလို့ အခုလို လုပ်ရတာပါ” လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၉ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပြီး၊ ကင်းထောက်လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် လမ်းညွှန်မှာကြားတဲ့ အခမ်းအနားနဲ့ ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ဥယျာဉ်မှာ အမှတ်တရ သစ်ပင်စိုက်ပျိုးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။
#voiceofmyanmar #ဗကသ #ဒေါ်အောင်ဆန်းစုကြည် #ရန်ကုန်တက္ကသိုလ်