စပါးခင်းကိုဝင်တဲ့ဆင်ကိုမောင်းထုတ်လို့  နောက်ဆင်က လယ်ရှင်ကိုနင်းသတ်

ရသေ့တောင်၊ နိုဝင်ဘာ ၂၈-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာ စပါးခင်းကိုဝင်စားနေတဲ့ တောဆင်ရိုင်းကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က လယ်ပိုင်ရှင်ကိုနင်းသတ်လိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ စပါးခင်းတွေကိုတောဆင်ရိုင်းတွေ ၀င်စားခြင်း၊ ဖျက်ဆီးခြင်းတွေဖြစ်ပွားနေတဲ့အတွက် နိုဝင်ဘာလ ၂၇ ရက်နေ့ညက စပါးခင်းစောင့်နေစဉ် ၀င်ရောက်လာတဲဆင်ကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က ပိတောက်မြိုင် နတလ ကျေးရွာနေ ဦးအောင်ထွန်းသိန်း ၄၂ နှစ်အား လိုက်လံနင်းသတ်လိုက်တာဖြစ်ပါတယ်။

“မနေ့ကည ၁၁ နာရီလောက်မှာ စပါးခင်းထဲကိုဆင်ဝင်စားတဲ့တွက် အဲဒီဆင်ကိုလိုက်ပြီး မောင်းထုတ်တဲ့အခါမှာ ဆင်နောက်တစ်ကောင်းရှိနေတာကိုမသိဘူး။ ၀င်စားတဲ့ဆင်ကိုပဲ လိုက်တော့ နောက်ဆင်တစ်ကောင်က နင်းလိုက်တာဖြစ်ပါတယ်။ သူတို့က နှစ်ယောက်စောင့်နေတာ တစ်ယောက်ကတော့ လွတ်မြောက်လာခဲ့ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲဒီဆင်တွေဟာ အခုနှစ်ဆောင်းဦးပေါက်ရာသီး စပါးတွေစတင်ရင့်မှည့်ချိန်က ဒေသခံတွေစိုက်ပျိုးထားတဲ့စပါးခင်းတွေကို ၀င်ရောက်ကျက်စားလေ့ရှိပြီး လယ်ပိုင်ရှင်တွေဟာ မိမိတို့စပါးခင်းတွေကို တောဆင်ရိုင်းတွေ မဝင်ရောက်ရေးအတွက် အန္တရာယ်ကြီးစွာကာကွယ်နေကြရတာဖြစ်ပါတယ်။

“ဆင်တွေက ဒီလိုရာသီမှာ နှစ်တိုင်းဒီနေရာကိုရောက်လာကြတယ်။ စပါးတွေကိုဝင်စားကြတယ်။ ဒီလိုပဲစပါးခင်းတွေမှာ စောင့်အိပ်ပြီးတော့ မောင်းကြရတာပေါ့။ အန္တရာယ်တော့များတယ်။ ဒါပေမယ့် စပါးတော့အပျက်စီးမခံနိုင်ဘူးလေ။ ဒီစပါးတွေကိုပဲ အားကိုးနေရတာဆိုတော့ အန္တရာယ်ကြားကပဲ စောင့်ကြရတာပေါ့။ အခုလိုမျိုးတွေလည်း မကြာမကြာကြုံရပါတယ်။ တချို့ဆင်တွေက မောင်းရင်ပြေးတယ်။ တချို့ကတော့ ရန်မြူတာပေါ့နော်”လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မေယုတောင်တန်းဟာ တောဆင်ရိုင်းအများအပြားကျက်စားလေ့ရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး မေယုတောင်တန်းကြီးရဲ့ အနီးဝန်းကျင်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ စပါးခင်းတွေကို ဆင်တွေဝင်ရောက်ကျက်စားနေကြတာကြောင့် လယ်ပိုင်ရှင်တွေဟာ မိမိတို့ရဲ့စပါးခင်းတွေကို သစ်ပင်တွေအပေါ်မှာ လင့်စင်တွေထိုးပြီး ညအချိန်တွေမှာ စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရသေ့တောင် #ဆင်နင်းသတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW