ရခိုင်ပြည်နယ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ တရားဝင်ခရီးသွားလာခွင့်မရှိတဲ့သူတွေကို နေရပ်ပြန်ပို့

စစ်တွေ၊ နိုဝင်ဘာ ၃၀-၂၀၁၈

ခိုင်လင်းစံ (VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သွားလာနေသူ ၉၃ ဦးကို တပ်မတော်ရေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ဒီကနေ့ ညနေ ၂ နာရီခွဲခန့်က စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြပါတယ်။

အဲဒီလူတွေကို သဲချောင်းကမ်းခြေကနေ လုံခြုံရေးတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး သဲချောင်းကျေးရွာအနီးက လုံခြုံရေးစခန်း ကနေ သူတို့နေထိုင်ရာကျေးရွာတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီဖြစ်ပါတယ်။

“အခုညနေကပဲ သူတို့ရဲ့ကျေးရွာတွေဆီပြန်ပို့လိုက်ပါပြီ။ အကုန်လုံးက ဒီစစ်တွေမြို့နယ်အတွင်းက ကျေးရွာသားတွေဖြစ်ပါတယ်။ သူတို့ရဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးပြန်လည်အပ်နှံလိုက်ပါတယ်။”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလူ ၉၃ ဦးတို့ဟာ ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်သူတွေမဟုတ်ဘဲ စစ်တွေမြို့နယ်အတွင်းက ဆေးသမားကြီး၊ သဲချောင်း၊ ဒါးပိုင်၊ ဘာဆာရွာ၊ သက္ကေပြင် စတဲ့ကျေးရွာသားတွေဖြစ်ကြပါတယ်။

“ကျွန်တော်တို့က အလုပ်အကိုင်မရှိဘူး။ စားဖို့သောက်ဖို့အခက်အခဲရှိတယ်။ ဒါနဲ့ အခုလိုနိုင်ငံခြားကိုသွားနေကြတာပါ။ အရင်ကလည်းဒီလိုသွားတဲ့သူတွေအများကြီးပဲ။ သူတို့ကို ပို့တဲ့လူတွေရှိပါတယ်။”လို့ သဲချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး လှေစီးပြီးပြည်ပထွက်ခွာခဲ့ကြတဲ့ ၁၀၆ ဦးပါဝင်တဲ့ လှေတစ်စီးကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း ဖမ်ဆီးရမိခဲ့ပြီး အဲဒီလူတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့က သဲချောင်းကျေးရွာကိုရောက်ရှိခဲ့ပြီး သူတို့တွေကိုတော့ NVC ကဒ်တွေထုတ်ပေးပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ပင်လယ်ပြင်အတွင်းဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီတွေဟာ ပြီးခဲ့တဲ့တစ်လကျော်ခန့်က သဲချောင်းကမ်းခြေကနေ လှေသုံးစီးနဲ့ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြတာဖြစ်ကြောင်းနဲ့ အဲဒီထဲက နှစ်စီးကိုဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #တရားမဝင်သွားလာနေသူတွေနေရပ်ပြန်ပို့

 

Related posts

Leave a Comment

VOM News

FREE
VIEW