သံတွဲ-ဂွ ကားလမ်းက ချင်းကွင်းတံတား မိုင်းခွဲခံရလို့ ဒေသခံတွေ အခက်တွေ့နေ

 

ဇူလိုင် ၂၅ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က ချင်းကွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် သွားရေးလာရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းကွင်းတံတားဟာ သံတွဲ – ဂွ ကားလမ်းပေါ်၊ ကျိန္တလီမြို့အနီးမှာတည်ရှိတဲ့ တံတားတစင်းဖြစ်ပြီး မနေ့ ဇူလိုင် ၂၄ ရက်၊ ညနေပိုင်းက မိုင်း ခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“သံတွဲမြို့သိမ်းတိုက်ပွဲ မဖြစ်ခင်ကတည်းက နစက က ချင်းကွင်းတံတားထိပ်မှာ တပ်အခိုင်အမာချပြီး စစ်ဆေးရေးဂိတ်လုပ်ထားတာ။ ဒီတံတားကနေ ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းကနေ ရန်ကုန်အထိ သွားလို့ရတယ်။ စစ်ရှောင်တွေအတွက်ရော၊ ကျန်းမာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက်ရော အရေးပါတဲ့ တံတားပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်တောင်ဘက်ပိုင်း သံတွဲမြို့နယ်တခုလုံးကို သိမ်းပိုက်ပြီးနောက် သံတွဲကနေ ဂွမြို့ကို အာရက္ခတပ်တော် ( AA) ရောက်ရှိလာမှာကို စိုးရိမ်ပြီး နစကအနေနဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်နေတာလို့ သိရပြီး လက်ရှိမှာ နစကတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့နယ်အတွင်း ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းကွင်းတံတားအပြင် သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားတွေလည်း မိုင်းခွဲဖျက်ဆီးခံထားရပြီး လက်ရှိမှာ တိုက်ပွဲတွေဟာ ဂွမြို့နယ်ဘက်ကို ဦးတည်လာနေတာကြောင့် ဒေသခံပြည်သူ ထက်ဝက်လောက်ဟာ မြို့ကို စွန့်ခွာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သံတွဲနဲ့ ဂွကြား သဗြုချိုင်ကမ်းခြေရှိ မောင်ရွှေလေးရေတပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံတွဲ_ဂွ #ချင်းကွင်းတံတား #မိုင်းခွဲခံရ #ဒေသခံတွေ #အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW