ကျောက်ဖြူမှာ လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ

ကျောက်ဖြူ၊ ဒီဇင်ဘာ ၂-၂၀၁၈
ခိုင်လင်းစံ

ဆည်ဖို့ရေးကိစ္စမှာ ဆည်အပြောင်းအလဲ လုပ်လိုက်တာကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို ကျောက်ဖြူဒေသခံ ၄၀၀ လောက်က ဒီကနေ့နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ကွမ်းချောင်းကာရီဆည်ဖို့ဖို့အတွက် ပြည်နယ်အစိုးရက ရေးဆွဲထားတဲ့ ဘတ်ဂျက်မူကြမ်း သတ်မှတ်ပြီး ဖြစ်ပေမယ့် ကွမ်းချောင်းကာရီဆည်အစား ကပိုင်ချောင်းကာရီဆည်ကို ဦးကျော်လွင်က ပြောင်းလဲလိုက်တာကြောင့် မကျေနပ်တဲ့ ကွမ်းချောင်းကျေးရွာသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“ပထမ ရေးဆွဲလိုက်တဲ့ဘတ်ဂျက်မှာ ကျွန်တော်တို့ ကွမ်းချောင်းကာရီနဲ့ထွက်လာတာပါ။ အဲဒါကို ဦးကျော်လွင်က ကပိုင်ချောင်းကာရီဆိုပြီး ပြောင်းခိုင်းလိုက်တော့ နောက်ထွက်တဲ့ဘတ်ဂျက်မှာ ကပိုင်ချောင်းကာရီကိုပဲ လုပ်ဖို့အတွက် အတည်ပြုပြီး ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် မကျေနပ်လို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာပါ” လို့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူတယောက်က ပြောပါတယ်။

ကပိုင်ချောင်းကာရီနဲ့ ကွမ်းချောင်းကာရီနှစ်ခုစလုံးမှာ ကျောက်ဖြူမဲဆန္ဒနယ်မြေ အမှတ် ၁ မှာရှိတဲ့ ကာရီတွေဖြစ်ပြီး အဲဒီကာရီတွေကို ပြန်လည်ပြုပြင်ခြင်း၊ ဆည်ဖို့ခြင်းတို့အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ရခိုင်ပြည်နယ်လွှတ်တော်မှာ တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။
“ဒီကိစ္စက အခုလိုဆန္ဒပြရမယ့်ကိစ္စမဟုတ်ပါဘူး။ အဲဒီကာရီတွေကိုပြန်ပြီးတော့ ဆည်ဖို့ဖို့အတွက် ကျွန်တော်တောင်းခဲ့တာပါ။ ဘတ်ဂျက်မူကြမ်းရေးဆွဲတဲ့အခါမှာ ကွမ်းချောင်းကာရီဆိုပြီး နာမည်မှားပြီးတော့ထွက်လာတယ်။ ဒါကိုကျွန်တော်က ကာရီအမည်ပြောင်းခိုင်းပါတယ်။ ကပိုင်ချောင်းအမည်နဲ့ပေါ့။ ကွမ်းချောင်းကာရီက အသစ်ဆည်ဖို့ထားပြီးသားပါ။ ပြင်ထိန်းပဲလုပ်ရမှာဖြစ်တယ်။ တကယ်လိုအပ်လို့ တောင်းလိုက်တာက ကပိုင်ချောင်းကာရီအတွက်ဖြစ်ပါတယ်။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

ကပိုင်ချောင်းကာရီဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက မိုးကြီးရေလျှံမှုကြောင့် ကျိုးပျက်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က အဲဒီကာရီကို ပြန်လည်ဆည်ဖို့ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ကွမ်းချောင်းကာရီမှာ အသစ်ပြန်လည်ဆည်ဖို့ထားပြီးဖြစ်တဲ့ ကာရီတစ်ခုဖြစ်ကြောင်း ဦးကျော်လွင်က ပြောပါတယ်။

“ဘတ်ဂျက်ထဲမှာ ရေးဆွဲထားတာကို ကျွန်တော်က ပြောင်းခိုင်းနေတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် တချို့က ဖုန်းနဲ့ပြောကြတာပေါ့နော်။ အတည်မပြုရသေးတဲ့ ဘတ်ဂျက်ကိစ္စကို အပြင်ကိုပေါက်ကြားအောင် လုပ်ခွင့်မရှိဘူး။ အခုက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီလိုလုပ်တယ်ဆိုတာက နိုင်ငံရေးအရထိုးနှက်မှုတစ်ခုပါ။ ကိုယ့်အချင်းချင်း တိုက်ခိုက်နေကြတာပဲလို့ မြင်ပါတယ်”လို့လည်း ဦးကျော်လွင်ကပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က ရေးဆွဲလိုက်တဲ့ဘတ်ဂျက်မူကြမ်းကို ဇွန်လအတွင်းက လွှတ်တော်မှာ အတည်ပြုခွင့်တောင်းခံခဲ့တာဖြစ်ပြီး အဲဒီမူကြမ်းမိတ္တူတွေဟာ ဒေသခံတွေလက်ထဲကို ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးကျော်လွင်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ကျောက်ဖြူမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပါတီက နှုတ်ထွက်ခွင့်တောင်းခံထားပါတယ်။ သူဟာ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီမှာ ပါဝင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW