မင်းဝံတောင်ဘေးမဲ့ကာကွယ်တော အသစ်ပြန်ဖွဲ့ဖို့ CORE AREA အဖြစ် ဧက ၃၀၀၀ စတင် တိုင်းထွာသတ်မှတ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၊ ၂၀၁၆

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့နယ် အတွင်းရှိ အသစ်ပြန်ဖွဲ့စည်းမယ့် မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧရိယာအတွင်းက ပင်မဧရိယာ CORE AREA အဖြစ် ဧက ၃၀၀၀ သတ်မှတ်ဖို့ စတင်တိုင်းထွာနေပြီလို့ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။

 

အသစ်ပြန်ဖွဲ့စည်းမယ့် မင်းဝံတောင်ဘေးမဲ့ကာကွယ်တော စုစုပေါင်း ဧရိယာ ၁၄၂၂၃ ဧက ထဲက ဧက ၃၀၀၀ ကို (COREAREA) ပင်မဧရိယာ အဖြစ်လည်းကောင်း၊ ကျန်တဲ့ ၁၁၂၂၃ ဧက ကို ကြားခံနယ်မြေ (BUFFER ZONE) အဖြစ်လည်းကောင်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ကွင်းဆင်းတိုင်းတာမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။

 

”ပထမ တိုင်းပြီးသား ၁၄၂၂၃ ဧက ရှိတယ်။ အဲ့ဒီထဲမှာ လယ်ယာတွေ သာသနာမြေတွေပါတော့ ၁၄၂၂၃ ဧက ထဲက သီးသန့် ဘာမှ မပါတဲ့ CORE AREA ၃၀၀၀ ကို ရွေးထုတ်လိုက်တာ။ ဒီထဲမှာတော့ ဘာမှ မပါတော့ဘူး တောကြီးပဲ။ အဲနယ်မြေကို ဘယ်သူမှ ထိလို့ မရတော့ဘူး ထိတဲ့သူကို တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် နယ်မြေများထိန်းသိမ်းရေးဥပဒေဥပဒေအရ တရားစွဲမယ်။ ခု စ တိုင်းတာနေပြီ ကျန်ရှိတဲ့ ကြားခံနယ်ကလည်း ဘာမှ လုပ်မရဘူး။ သို့သော် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်တာတို့ လုပ်မယ်ဆို ကျွန်တော်တို့ဆီ လျှောက်ရမယ် လျှောက်တဲ့အခါ ကျွန်တော်တို့က ရုံးချုပ်ကိုတင်ပြပြီး ရုံးချုပ်က အတည်ပြုတယ်ဆိုရင် လုပ်လို့ရတယ်။ CORE AREA ကိုကတော့ ဘာမှ လုပ်မရဘူး ဒါကတော့ ခုမှ စကွင်းဆင်းတိုင်းတာတုန်းပေါ့ တိုင်းတာပြီးရင် ရုံးချုပ်ကို တင်ရဦးမယ်” လို့ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးညွန့်လှိုင်က ပြောပါတယ်။

 

၁၉၇၁ ခုနှစ်က လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (သစ်တောဌာနစု)ရဲ့ ၁၉၇၁ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၂၅၉ ဖြင့် ရွှေဘိုသစ်တော ခရိုင်၊စစ်ကိုင်းမြို့နယ်အတွင် တည်ရှိသော ခန့်မှန်ခြေ ဧရိယာအကျယ် (၇၉ဒသမ၄၉)စတုရန်းမိုင် (၅၀၈၇၄) ဧကကို ၁၉၇၂ ခုနှစ် ဇန်နဝါရီ လ (၁)ရက်နေ့က စပြီး၊ သား ဌက်တိရစ္ဆာန်ရိုင်းများ ဘေးမဲ့တောအဖြစ် ကြော်ငြာခဲ့ပါတယ်။

 

အဲ့ဒီဘေးမဲ့တောကို “မင်းဝံတောင်ဘေးမဲ့ကာကွယ်တော”လို့ ခေါ်တွင်သတ်မှတ်ခဲ့ပြီး နှစ်ကာလ ကြာလာတာနဲ့အမျှ မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧရိယာထဲမှာ မြေယာဖော်ဆောင်ခြင်း၊ မြို့ဧရိယာတိုးချဲ့ခြင်း၊ သာသနိက အဆောက်အဦးများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စက်မှုဇုံ တည် ဆောက်ခြင်း၊ တက္ကသိုလ် ကျောင်းတည်ဆောက်ခြင်းတွေ ရှိခဲ့ပါတယ်။

 

ဒါကြောင့် အခုအချိန်မှာ မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧက ၅ သောင်းကျော်ရှိသည့် အ နက် ဧကသုံးသောင်းကျော်ကို ပယ်ဖျက်ပြီး ဘေးမဲ့တော ဧရိယာ အသစ် ပြန်လည်ပြင်ဆင် သတ်မှတ်ဖို့ လုပ်နေတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သစ် တောဦးစီးဌာနက ဆိုပါတယ်။

 

အရင် မင်းဝံတောင်ဘေးမဲ့ ကာကွယ်တော အဖြစ် သတ်မှတ်တုန်းက ပါဝင်ခဲ့တဲ့ ကျေးရွာ ၄၂ ရွာကိုလည်း မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧရိယာအတွင်းကနေ ပယ်ဖျက်သွားမှာ ဖြစ်တဲ့အပြင် မင်းဝံတောင်ဘေးမဲ့ကာကွယ်တောအတွင်း ရှိနေတဲ့ စေတီပုထိုးပေါင်း ၁၄၇၆ဆူ၊ ဘုန်းကြီးကျောင်း ၉၉၄ကျောင်း ၊သီလရှင်ကျောင်း ၄၂၁ကျောင်း တို့ကို မင်းဝံတောင်ဘေးမဲ့တောဧရိယာကနေ ပယ်ဖျက်သတ်မှတ်ပေးမယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရေခါးအင်းကိုအသစ် ပြန်လည်သတ်မှတ်မယ့်  မင်းဝံတောင်ဘေးမဲ့တောဧရိယာအတွင်း ထည့်သွင်း သတ်မှတ်မယ်လို့ ဆိုပါတယ်။ အခု အသစ်ပြန်လည် ဖွဲ့စည်းမယ့် ဘေးမဲ့ကာကွယ်တောဧရိယာ နှင့် CORE AREA မှာ ဘုတ်တိုင်တွေ စိုက်ထူပြီး အများ ပြည်သူသိရှိအောင် အသိပေးဆိုင်းဘုတ်ထောင်ခြင်း၊ ဘေးမဲ့ကာကွယ်တောအတွင်း ခုတ်ထွင်ရှင်းလင်းတူးဆွခြင်း မလုပ်ရန် တားမြစ်ခြင်းတွေ လုပ်မှာဖြစ်ပြီး တားမြစ်ချက်ကိုဖောက်ဖျက်ရင် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW