ပုဂံသရပါဟိုတယ် သပိတ်မှောက်အလုပ်သမားခေါင်းဆောင် ငြိမ်းစု/စီ ဥပဒေနဲ့အမှုဖွင့်ခံရ

ပုဂံ ဒီဇင်ဘာ ၆-၂၀၁၈

လင်းလင်း(VOM)

ပုဂံသရပါ ဟိုတယ်မှ အလုပ်သမားများ အလုပ်ပြန်လည်ခန့်ထားပေးရေး တောင်းဆိုနေတဲ့ ပုဂံသရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌဦးနေမျိုးဝင်းကို  ငြိမ်းစု/စီ ဥပဒေ နဲ့ အမှုဖွင့်လှစ်ခြင်းခံထားရတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ နဲ့ ၅ရက်နေ့က ပုဂံနှင့် ညောင်ဦးမြို့မှာ ငြိမ်းစု/စီ  မတင်ပဲ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့ထံ ၄၈ နာရီ ကြိုတင်ပြီး စာဖြင့် အသိပေးတင်ပြခြင်း မရှိတဲ့အတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၄) ပါ ပြဌာန်းချက်ကို လိုက်နာမှု မရှိဟုဆိုပြီး ဦးဆောင်သူ ဦးနေမျိုးဝင်းကို ညောင်ဦးမြို့နယ်ရဲမှူးကျော်မြင့်ငွေက တရားလိုပြုလုပ်ကာ ငြိမ်းစု/စီ ပုဒ်မ (၁၉)ဖြင့် ပုဂံနှင့် ညောင်ဦးမှာ အမှုနှစ်ခု ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အမှုဖွင့်လှစ်ခံရတာနဲ့ ပတ်သက်ပြီး အဆိုပါ ရက်တွေက အလုပ်သမားလှုပ်ရှားမှုတွေမှာ သူ့အနေနဲ့ ဦးဆောင်ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးနေမျိုးဝင်းက ငြင်းဆိုပါတယ်။

“ဦးဆောင်တာက ကျွန်တော်မဟုတ်ဖူး၊ဦးဆောင်တာက ဒီ ဗကသနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့က သူတို့ကိုယ်တိုင်ဟောပြော သူတို့ကိုယ်တိုင်လုပ်တာ၊ကျွန်တော်တို့က နားထောင်ရုံ သက်သက်ပေါ့နော်၊အဲဒါ သူတို့က တရားစွဲတော့ကျတော့ ကျွန်တော့်ကို နေမျိုးဝင်းဆိုတဲ့ နာမည်နဲ့ပဲ စွဲထားတာ”လို့ သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးနေမျိုးဝင်းက ပြောပါတယ်။

အခုလို အမှုဖွင့်လှစ်ခံရတာနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ အနေနဲ့ ရှုံ့ချပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ အလုပ်သမားခေါင်းဆောင်က ပြောပါတယ်။

“ရှေ့ဆက်ပြီးတော့ကာ ကျွန်တော်တို့ကို တရားစွဲတယ်၊တရားစွဲတဲ့ အပိုင်းကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်တာ မဟုတ်ပဲနဲ့ တရားစွဲတာသည် တစ်ဖက်သတ်ဆန်ပြီးတော့မှ အလုပ်သမားကို လာပြီးတော့ မတရားသဖြင့် တရားစွဲတာပေါ့နော်၊အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ပြန်လည်တုန့်ပြန်ပြီးတော့ ရှုံ့ချပွဲတွေ လုပ်သွားမယ်၊တတ်နိုင်ရင် အဲဒီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့ကိုပဲ လှုပ်ရှားမှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ ဦးနေမျိုးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်နေ့က သရပါဟိုတယ်မှာ ဧည့်သည် အဝင်နည်းနေတာနဲ့ ပတ်သက်ပြီး ဝန်ထမ်း အင်အားလျှော့ချခဲ့ရာမှာ လက်မခံတဲ့ သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဝန်ထမ်း၁၀ဦးအပါအဝင် ဟိုတယ်ဝန်ထမ်း ၁၂ဦးကို ဩဂုတ်လ ၂၄ ရက်နေ့မှာ တာဝန်အသီးသီးမှ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမား၁၂ထဲက  ၉ဦးကို မူလနေရာအတိုင်း ပြန်လည်ခန့်ထားပေးဖို့ အလုပ်သမားတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဟိုတယ် တာဝန်ရှိသူတွေက လိုက်လျောမှု မရှိတဲ့အတွက် အောက်တိုဘာလ(၁၀)ရက်နေ့  မနက်အစောပိုင်းကနေစတင်ပြီး ယခုအချိန်ထိ သရပါဟိုတယ်ရှေ့မှာ သပိတ်စခန်းဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar#ပုဂံ#သရပါဟိုတယ်#

 

Related posts

Leave a Comment

VOM News

FREE
VIEW