ရခိုင်ပြည်နယ်အတွင်း ပညာရေးအကူဝန်ထမ်းလျှောက်ထားသူ ဘင်္ဂါလီ ၉၀၀ ခန့်ရှိ

မောင်တော၊ ဒီဇင်ဘာ ၆-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊မောင်တောခရိုင်အတွင်းက ဘင်္ဂါလီကျောင်းသားတွေကို ပညာသင်ကြားနေတဲ့ အခြေခံပညာကျောင်းတွေမှာ သင်ကြားပို့ချပေးနိုင်ရေးအတွက် ပညာရေးအကူဝန်ထမ်းတွေ ခန့်အပ်တာဝန်ပေးဖို့ အခုနှစ်အစောပိုင်းက ခေါ်ယူခဲ့ပါတယ်။

အဲဒီ ဘင်္ဂါလီကျောင်းသူ/သားတွေကို ပညာသင်ကြားပို့ချပေးဖို့အတွက် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ အကူဝန်ထမ်းအဖြစ် လာရောက်လျှောက်ထားသူပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ဘင်္ဂါလီလူမျိုး ၉၀၀ဦးခန့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

“ လျှောက်ထားသူစုစုပေါင်းကတော့ ၁၂၀၀ ကျော်ရှိပါတယ်၊ ကြံ့ခိုင်ရေးပါတီဆိုဒ်က ၁၀၀၊ NLD ပါတီဆိုဒ်က ၂၀၃ ယောက်၊ ပြီးတော့ မြိုတိုင်းရင်းသားပါတီဆိုဒ်က ၆၀ ကျန်တာကတော့ ဘင်္ဂါလီတွေပေါ့၊ ဘင်္ဂါလီတွေကတော့ မောင်တောမြို့နယ်က လျှောက်ထားတာ ၃၀၀၊ ဘူးသီးတောင်မြို့နယ်ကလျှောက်ထားတာ ၆၀၀ဦးရှိခဲ့ပါတယ် ”လို့ ပညာရေးဌာနကသိရပါတယ်။

ဒါ့အပြင် သွားလာရေးခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ ပညာသင်ကြားပေးနိုင်ရေးအတွက် ပညာရေးအကူဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ရရှိဖို့ နိုင်ငံရေးပါတီတွေက လျှောက်ထားခဲ့သူတွေထဲမှာ  တိုင်းရင်းသားလူငယ် အများစုပါဝင်နေပါတယ်။

“လျှောက်လွှာခေါ်တာကတော့ ဒီနှစ်မှာခေါ်ယူခဲ့တာပါ၊ အဲဒီဘူးသီးတောင်နဲ့မောင်တောမြို့တွေမှာပဲခေါ်တာပါ၊ ကျွန်တော်တို့ရုံးကနေခေါ်တာမဟုတ်ဘူး၊ လျှောက်ထားသူတွေအားလုံးကိုတော့ ပြည်ထောင်စုကို ပို့ထားပြီးပါပြီ၊ ခန့်ဖို့မခန့်ကတော့ ပြောလို့မရဘူး၊ ကျွန်တော်တို့မသိဘူး ”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသတွေမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသူ/သားတွေကို ပညာသင်ကြားပေးနိုင်ရေး အတွက် ဆရာ/မအလုံအလောက်ခန့်အပ်တာဝန်ပေးထားပေမယ့် အကြမ်းဖက်မှုတွေဖြစ်ပွားနေတာကြောင့် တချို့ဒေသ တွေကို သွားရောက်တာဝန်ထမ်းဆောင်ဖို့ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar# ရခိုင်ပြည်နယ်#ပညာရေးအကူဝန်ထမ်းလျှောက်ထားသူဘင်္ဂါလီ၉၀၀ခန့်ရှိ#

ဓါတ်ပုံ- ဘူးသီးတောင်မြို့မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW