ငါးဖမ်းစက်လှေတစ်စီးနစ်ပြုပ်၍ လှေလုပ်သား ၅ ဦးသေဆုံး

မာန်အောင်၊ ဒီဇင်ဘာ ၁၁-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရဲ့ အနောက်ဘက် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးနေတဲ့ ငါးဖမ်းစက်လှေတစ်စီးဟာ ဒီဇင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက နစ်မြုပ်သွားခဲ့တဲ့အတွက် လှေလယပ်သား ၅ ဦးသေဆုံးသွားခဲ့ပါတယ်။

အဲဒီငါးဖမ်းစက်လှေဟာ ပင်လယ်ပြင်အတွင်းငါးဖမ်းနေစဉ် ငါးဖမ်းပိုက်ပင်လယ်ကြမ်းပြင်မှာ ငြိတွယ်နေတဲ့အတွက် လှေကိုရပ်နားထားစဉ် လှေတိမ်းစောင်းသွားပြီး နစ်မြုပ်ခဲ့ရတာဖြစ်တယ်လို့ မာန်အောင်ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ မာန်အောင်ကျွန်းနဲ့တော့ နည်းနည်းဝေးပါတယ်၊ ပင်လယ်ပြင်အတွင်းမှာနစ်သွားတာပါ။ လှေမှာတော့ လှေသမားစုစုပေါင်း ၁၀ ယောက်ပါတယ်၊ ငါးယောက်ကသေသွားတယ်လို့သိရတယ်ဗျ၊ ကျွန်တော်တို့လည်း ဒီလိုပဲကြားရတာပါ၊ ဖြစ်တာက ပိုက်ကရေထဲမှာငြိနေတဲ့အတွက် စက်လှေကိုရပ်ထားတဲ့အချိန်မှာ ဒီရေတက်လာပြီး နစ်သွားတာလို့သိရတယ် ”လို့ မာန်အောင်ဒေသခံ ဦးမြင့်စိုးကပြောပါတယ်။

အဲဒီစက်လှေဟာ ပင်လယ်ပြင်ငါးဖမ်းစက်လှေအမျိုးအစားဖြစ်ပြီး သေဆုံးသူငါးဦးတို့မှာ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ကတစ်ဦး၊ သပြုချိုင်ကျေးရွာက တစ်ဦး၊ ရွှေကျင်းပြင်ကျေးရွာက တစ်ဦး၊ ရသေ့တောင်မြို့နယ်က တစ်ဦး၊ ရမ်းဗြဲမြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်။

“သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့ အကုန်လုံးရထားပြီ၊သံတွဲမြို့နယ်အတွင်းက သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့ မိသားစုတွေဆီပို့ပေးလိုက်ပါပြီ၊တခြားမြို့နယ်က အလောင်းတွေကိုတော့ မနက်ဖြန်ဒီမှာပဲ သဂြိုင်္ဟ်မှာပါ၊ မိသားစုတွေကိုအကြောင်းကြားထားပါတယ်”လို့ နာရေးကူညီမှုအသင်းမှ ဦးကယာ က ပြောပါတယ်။

မာန်အောင်ကျွန်းအနီးတဝိုက်ရှိပင်လယ်ပြင်မှာ ကျောက်ဆောင်များပေါများပြီး ကျွန်းစုများတည်ရှိတဲ့နေရာဖြစ်တာကြောင့် ဒီရေအတက်အကျကြမ်းပြီး လှိုင်းပြင်းထန်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

#voiceofmyanmar#မာန်အောင်#ငါးဖမ်းစက်လှေနှစ်မြုပ်#

Related posts

Leave a Comment

VOM News

FREE
VIEW