ပုဂံ-သရပါ သပိတ်စခန်း ရက်ပေါင်း၆၀အကြာမှာ ဖြိုခွဲခံရ

ပုဂံ၊ဒီဇင်ဘာ ၁၁-၂၀၁၈

လင်းလင်း(VOM)

ပုဂံ-သရပါဟိုတယ်ရှေ့မှာ အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ပြန်လည် ခန့်ထားပေးဖို့ တောင်းဆိုနေတဲ့  အလုပ်သမားသပိတ်စခန်းကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၁ နာရီခွဲမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖြိုခွဲခဲ့ပါတယ်။

ဩဂုတ်လကနေစတင်ပြီး ပုဂံသရပါဟိုတယ်ရဲ့ အလုပ်သမား ၁၂ဦးကို ဟိုတယ်ကုန်ကျစားရိတ်လျှော့ချတဲ့ အကြောင်းပြချက်နဲ့ လျော်ကြေးပေးအပ်အလုပ်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အလုပ်သမား ၉ ဦးကို အလုပ်ပြန်လည် ခန့်ထားပေးဖို့ အောက်တိုဘာလ၁၀ ရက်နေ့ကတည်းက သရပါဟိုတယ်ရှေ့မှာပဲ သပိတ်စခန်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“ဒါက နိုင်ငံရဲ့ပုံရိပ်ကိုလည်း အင်မတန်ထိခိုက်တယ်၊ကျွန်တော်တို့မြန်မာပြည်ရဲ့ပုံရိပ်ကို အင်မတန်ဆိုးဝါးစေတဲ့လုပ်ရပ်တစ်ခုပဲ၊ ၊ကျွန်တော်တို့က ဥပဒေမဲ့ တောင်းဆိုနေတာလည်း မဟုတ်ဘူး၊ပြီးရင် ကျွန်တော်တို့က ခိုးဆိုးလုယက်တိုက်ခိုက်နေတာလည်း မဟုတ်ဘူး၊ကျွန်တော်တို့ ရာဇဝတ်မှုကျူးလွန်နေတာလည်း မဟုတ်ဖူး၊ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ငြိမ်းချမ်းစွာတောင်းဆိုတာ”လို့  သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးနေမျိုးဝင်းက ပြောပါတယ်။

သပိတ်စခန်းဖွင့်လှစ်တာ ရက်ပေါင်း ၆၀ ရှိပြီဖြစ်ပြီး သတ်မှတ်ရက် သတ်မှတ်အချိန်မှာ မပိတ်သိမ်းတဲ့အတွက် သပိတ်စခန်းကို အင်အားသုံးဖြိုခွဲဖို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီကနေ ညွှန်ကြားတဲ့အတွက် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အင်အား၁၀၀ကျော်က တည်ဆဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြိုခွဲခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

အခုလို ဖြိုခွဲခံရတာဟာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွားချိုးဖောက်ခံရတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်မယ်လို့လည်း သိရပါတယ်။

#voiceofmyanmar#ပုဂံသရပါ#သပိတ်စခန်းဖြိုခွဲခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW