ကျောင်းသွားတဲ့လမ်းမှာ ဆရာမတစ်ဦး အသတ်ခံရ

ရမ်းဗြဲ၊ ဒီဇင်ဘာ ၁၁-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းက တောင်ရွာ အမက ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမလေးတစ်ဦးဟာ မနေ့နံနက်ပိုင်းက ကျောင်းသွားတက်တဲ့အချိန် လမ်းမှာသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီသတ်ဖြတ်ခံလိုက်ရတဲ့ဆရာမမှာ တောင်ရွာ အမက ကျောင်းနဲ့ သုံးမိုင်လောက်ဝေးတဲ့ စည်ရင်းကျေးရွာက အသက်၂၇နှစ်အရွယ်ဖြစ်ပြီး သူနေတဲ့ရွာနဲ့ ကျောင်းကိုနေ့စဉ်လမ်းလျှောက်ပြီး သွားလာနေတာဖြစ်ပါတယ်။

“သူကနေ့တိုင်း ဒီလိုသွားနေကျပါ၊ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှ ကျောင်းကနေ မိသားစုတွေဆီကို သူကျောင်းမရောက်ကြောင်း အကြောင်းကြားတဲ့အတွက် လိုက်ရှာတဲ့အခါမှာ လမ်းမှာသေဆုံးနေတာတွေ့ရတာပါ၊ ဘယ်သူသတ်သွားတယ်ဆိုတာတော့မသိရဘူး၊ မြင်တဲ့သူတွေလည်းမရှိတော့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောရခက်တာပေါ့”လို့ ရွာသားတစ်ဦးကပြောပါတယ်။

သေဆုံးနေတဲ့ကျောင်းဆရာမရဲ့ အလောင်းကို မိကျောင်းတက်-သမြေကျွန်း ကားလမ်းမအတွင်းရှိ အချိန်ပြင်ကျေးရွာအနီး ကားလမ်းမနံဘေး ချောက်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းမှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာပါရှိကြောင်း ပြောပါတယ်။

“လည်ပင်းမှာ လက်နဲ့ညှစ်တဲ့ဒဏ်ရာရှိတယ်၊ ပါးစပ်တွေကသွေးထွက်နေတယ်၊ ပြီးတော့ အင်္ဂါစပ်မှာလည်း သွေးတွေထွက်နေတာကိုတွေ့ရတယ်၊ လမ်းမှာက လူသွားလူလာ နည်းတော့ တစ်ယောက်တည်းဖြစ်တဲ့အတွက် အနိုင်ကျင့်ခံလိုက်ရတာဖြစ်နိုင်ပါတယ်”လို့ သက်ဆိုင်ရာကပြောပါတယ်။

ကျောင်းဆရာမ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ရမ်းဗြဲမြို့နယ် လေးတောင်နယ်မြေရဲစခန်းက (ပ) ၃၁/၂၀၁၈အရ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံကိုဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

#voiceofmyanmar#ရမ်းဗြဲ#ကျောင်းဆရာမတစ်ဦးအသတ်ခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW