စစ်တွေမှာ မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၄၀၀၀ နီးပါးဖိုး ဖမ်းဆီးရမိ

စစ်တွေ၊ ဒီဇင်ဘာ ၁၂-၂၀၁၈

ခိုင်လင်စံ(VOM)

စစ်တွေမြို့ကနေ မောင်တောမြို့ကိုပို့ဆောင်မယ့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၃ သိန်း၊ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၃၉၀၀ ဖိုးအား ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဆေးပြားတွေကို ယမန်နေ့မနက်ပိုင်း ၁၀ နာရီခွဲအချိန်မှာ ပါကင်ဘူးတွေသယ်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ် တစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့တဲ့အခါ ရွှေဝါ ဆပ်ပြာပါကင်ထဲမှာထည့်ထားတဲ့ ဆေးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က သတင်းအရစောင့်နေတာပါ၊ အဲဒီမှာ သုံးဘီးဆိုင်ကယ်ကို မသင်္ကလာလို့စစ်ဆေးတော့ ဆေးပြားတွေကို တွေ့တာဖြစ်ပါတယ်၊ ပါကင်အထုပ်ပေါင်းက ၃၃ ထုတ်၊ အတွင်းမှာ ဆေးပြားပေါင်း တစ်သောင်းစီထည့်ထားတဲ့ အထုတ်အရေအတွက်က ၁၃၀၊ စုစုပေါင်းဆေးပြားက ၁၃ သိန်းဖြစ်ပါတယ်”လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆေးပြားတွေကို သယ်ဆောင်လာခဲ့တဲ့ သူံးဘီးဆိုင်ကယ်သမားမှာ စစ်တွေမြို့နယ် နာရီကန်ကျေးရွာက ဦးမောင်ထွန်းဝင် (ခ) မောင်သိန်းထွန်း အသက် ၄၄ နှစ်၊ (ဘ) ဦးသာမြ (ခ) ဦးမောင်ချေက စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် မြို့အဝင်မုခ်အနားက သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

“ဆေးပြားတွေကိုတော့ မောင်တောကိုပို့ဖို့ ယူလာတာပေါ့၊ အဲဒီဆေးတွေနဲ့ပတ်သက်လို့ သုံးဘီးမောင်းတဲ့သူကိုရော နောက်ထပ် ဆက်စပ်သူတစ်ယောက်ကိုပါ ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်၊ အမှုဖွင့်ပြီးတော့ စစ်ဆေးမှုတွေဆောင်ရွက် နေပါတယ် ”လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ဆေးပြားတွေကတော့ WY/R စာတမ်းပါ ပန်းရောင်းဆေးပြားတွေဖြစ်ပြီး ကာလတန်ဖိုးကျပ်သန်းပေါင်း ၃၉၀၀ ခန့်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

#voiceofmyanmar#စစ်တွေ#မူးယစ်ဆေးကျပ်သန်းပေါင်း၄၀၀၀နီးပါးဖိုးဖမ်းမိ#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW