ချင်းပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် ဆရာဆရာမများ လျှောက်လွှာခေါ်ယူ

ဟားခါး ဒီဇင်ဘာ ၁၃-၂၀၁၈

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ်အတွင်း ဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးနိုင်ဖို့ အနိမ့်ဆုံး အတန်းပညာ (၉)တန်းအောင်မြင်ထားတဲ့ တိုင်းရင်းသားတွေ အနေနဲ့ လျှောက်ထားလိုပါက ဒီဇင်ဘာလ ၃ ရက်နေ့ ကနေ စတင်ပြီးလျှောက်လွှာတွေကို ခေါ်ယူနေပြီး ဖြစ်တယ်လို့ ချင်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွန်ကြားရေမှူးရုံးကနေ သိရပါတယ်။

ဒီလိုလျှောက်ထားသူတွေဟာဆိုရင် တိုင်းရင်းသားလူမျိုးဖြစ်သူ ပညာအရည်အချင်း အနိမ့်ဆုံး(၉)တန်း အောင်မြင်ထားသူ လျှောက်လွှာပေးတဲ့ရက်မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နဲ့ မြန်မာဘာသာစကားနဲ့ ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား ကို ကျွမ်းကျင်စွာ ရေးနိုင် ဖတ်နိုင် ပြောနိုင်သူတွေကို ဦးစားပေး ခန့်ထားပေးဖို့ ရှိနေပြီး လျှောက်ထားသူတွေ အနေနဲ့ ဒီ အချက်တွေ အပြင် ပြစ်မှု့ကင်းရှင်းကြောင်း ထောက်ခံစာ၊ခိုင်လုံသော ပညာအရည်အချင်း ထောက်ခံစာ နဲ့ နိုင်ငံသား စီစစ်ရေးကတ် မိတ္တူ ဓါတ်ပုံ (၃)ပုံ နဲ့ ကျန်းမာကြောင်းထောက်ခံချက် တိုင်းရင်းသားစာပေ နဲ့ ယဉ်ကျေးမှု အဖွဲ့တွေ ထောက်ခံချက်တွေ နဲ့ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

“ဒီလကုန် မှာ မြို့နယ်တွေကနေ တက်လာမဲ့ စာရင်းတွေ ရမှသာ ဘယ်နှစ်ဦးလျှောက်ထားတယ်ဆိုတာ သိရမှာပါ” လို့ ချင်းပြည်နယ် တိုင်းရင်းသားစာပေ နဲ့ ယဉ်ကျေးမှု ဦးစီးဌာန ညွန်ကြားရေးမှူးရုံး က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီလို လျှောက်ထားရာမှာ လျှောက်လွှာပိတ်ရက် အဖြစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အဖြစ် သတ်မှတ်ထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်တဲ့ လျှောက်လွှာတွေကို လက်ခံ မှာ မဟုတ်ဘူးလို့လဲ သိရပါတယ်။

ချင်းပြည်နယ် အတွင်းမှာ တိုင်းရင်းသားစာပေ သင်ကြားပေးမှု ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကနေ စတင်ပြီးတော့ အစိုးရအထောက်အပံ့နဲ့ သင်ကြးပေးနေပြီး ချင်းပြည်နယ်က မြို့နယ် (၉)မြို့နယ် မှာ လက်ရှိသင်ကြားပေးနေတဲ့ ဆရာ ဆရာမ စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar#ချင်းပြည်နယ်#တိုင်းရင်းသားစာပေသင်မယ့်ဆရာတွေလျှောက်လွှာခေါ်#

Related posts

Leave a Comment

VOM News

FREE
VIEW