အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်အပေါ် လူထုစိတ်ဝင်စားမှုမြင့်မား

စစ်တွေ၊ ဒီဇင်ဘာ ၂၀-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ တတိယအကြိမ် ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်

အဲဒီဖိုရမ်ကို ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်စုဝင် တွေပါဝင်တဲ့ တစ်မြို့နယ်က ကိုယ်စားလှယ် ၉ ဦးစီ တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

“ဒီဆွေးနွေးပွဲကို ကျွန်တော်တို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ်တွေ မျိုးနွယ်စုဝင်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုပြုလုပ်နေတာပါ၊ အဖွင့်မှာတော့ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ EAOs ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရခိုင်ပြည်နယ်က အကြောင်းအရာတွေကိုလည်း တင်သွင်းနိုင်ရေးအတွက် ဒီဖိုရမ်ကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ် ”လို့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးနိုင်ထွန်းကပြောပါတယ်။

အခုလို အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို အရင်က ရခိုင်ပြည်နယ်မှာ နှစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့စိတ်ပါဝင်စားမှုနည်းပါးခဲ့တဲ့အတွက် ယခုတစ်ကြိမ်မှာတော့ စိတ်ဝင်စားမှုတွေပိုမိုမြင့်မားလာခဲ့သလို အမျိုးသမီးပါဝင်မှုနှုန်းဟာလည်း မြင့်တက်လာခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။

“အရင်ကျင်းပခဲ့တဲ့ အကြိမ်တွေမှာလည်း ကျွန်တော်တို့ဘက်က  ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရော အကုန်လုံးကို တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်၊ ဒါပေမယ့် တက်ရောက်ဆွေးနွေးသူ တော်တော်လေးနည်းပါးခဲ့တယ်၊ စိတ်ဝင်စားမှုအားနည်းတာပေါ့၊ အခုတစ်ကြိမ်မှာတော့ တော်တော့်ကို အားရစရာကောင်းပါတယ်၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုလည်း မြင့်တက်လာနေပါတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ ရခိုင်ပြည်သူတွေ အာရုံစိုက်မှုမြင့်မားလာတယ်လို့ ပြောရမှာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

အခုဆွေးနွေးပွဲကထွက်ပေါ်လာမယ့် ဆွေးနွေးချက်တွေကို အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တခြားပြည်နယ်နှင့်တိုင်းဒေသကြီးတွေက တင်သွင်းလာတဲ့ စာတမ်းတွေနဲ့စုစည်းပြီးတော့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တင်သွင်းသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပပြုလုပ်ခွင့်ရရှိနေပေမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတော့ ကျင်းပပြုလုပ်ခွင့် ပိတ်သိမ်းထားတာဖြစ်ပါတယ်။

#voiceofmyanmar#အရပ်ဖက်အဖွဲ့အစည်းများ#ငြိမ်းချမ်းရေးဖိုရမ်အပေါ်လူထုစိတ်ဝင်စားမှုမြင့်မား#

Related posts

Leave a Comment

VOM News

FREE
VIEW