မန္တလေး၊ ဒီဇင်ဘာ ၂၆-၂၀၁၈
ဟိန်းကို(VOM)
မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ တောင်သမာန်အင်းကန်ပတ်လမ်း တာရိုးပေါ်မှာ ဒီဇင်ဘာ ၂၅ရက်နေ့ ညနေပိုင်းက ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဓားထိုးခံရပြီး သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ဓားထိုးခံရတဲ့ ကျောင်းသား မောင်စိုးမိုးဟိန်းနဲ့ သူ့ရဲ့ကောင်မလေးက တာရိုးပေါ်မှာချိန်းတွေနေတဲ့အချိန် အမည်မသိလူလေးဦးရောက်လာပြီး အကူညီတောင်းချင်လို့ဟုပြောပြီး အမည်မသိသူထဲက တစ်ဦးမှ ပွေ့ဖက်၍ စိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွန့်အားထိုးသဖြင့် တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး လေးယောက်အုပ်စုထဲက လူတစ်ဦးကလည်း စိုးမိုးဟိန်း၏ဝဲဘက်တင်ပါးဆုံအားထပ်မံထိုးခဲ့သဖြင့် မောင်စိုးမိုးဟိန်းရဲ့ ကောင်မလေးဟာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အနီးအနားကလူတွေက အော်ဟစ်သံကြောင့် လာရောက်ကူညီပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ည(၁၀)အချိန်မှာပဲ ရထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။
” လောလောဆက် ကျွန်တော်တို့က ရဲစခန်းသွားပြီး အမှုမှန်သိအောင်လုပ်မယ် ၊ တရားခံတွေအမြန်ဖမ်းမိဖို့လညပ်မယ်၊ ဖြစ်တာက သူတို့ချိန်းတွေတဲ့နေရာမှာ အဲ့လူလေးယောက်က ပိုက်ဆံအိပ်ဝင်လုပြီး ဓားနဲ့ထိုးသွားတာလို့ အဲ့ကျောင်းသားရဲ့အိမ်ကမိဘတွေ ပြောတယ်၊ ကျွန်တော်တို့အနေနဲ့က အမှုမှန်ပေါ်ပေါက်ဖို့ ဆက်လုပ်မှာပါလို့ ” ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဥက္ကဌ ကိုကျော်သီဟရဲကျော် ကပြောပါတယ်။
ဖြစ်စဉ် နဲ့ ပတ်သက်ပြီး အမည်မသိလူလေးဦးကို အမပူရမြို့မရဲစခန်းက (ပ)၇၁၇/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ –၃၀၂/၁၁၄ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။
#voiceofmyanmar#ရတနာပုံတက္ကသိုလ်#ကျောင်းသားဓားထိုးခံရပြီးသေဆုံး#