ပြည်သူတွေကို ခြိမ်းခြောက်အနိုင်မကျင့်ဖို့နဲ့ အဓမ္မလုပ်အားပေးမခေါ်ဆောင်ဖို့ ANP ထုတ်ပြန်

စစ်တွေ၊ ဒီဇင်ဘာ ၂၈-၂၀၁၈
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြ ရတာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လိုအပ်တဲ့အကူအညီတွေပေးကြဖို့အတွက် ရခိုင်အမျိုးသားပါတီ ANP က ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ တိုက်ပွဲတွေအတွင်း ဒုက္ခရောက်နေကြတဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ မလုပ်ဖို့နဲ့ အဓမ္မလုပ်အားပေးခေါ်ယူတွေမလုပ်ဖို့အတွက် တောင်းဆိုထားတာဖြစ်ပါတယ်။

“တစ်နေ့က ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသား ၁၁ ဦးယောက်ကို တပ်မတ်ေကခေါ်သွားတယ်၊ ပြန်ရောက်လာတယ်လို့ ပြောတယ်၊ ဒီစစ်ဖြစ်တဲ့ကိစ္စမှာ အပြစ်မဲ့တဲ့ပြည်သူလူထုကို ထပ်ဆင့်ပြီးတော့ ဒုက္ခတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတွေ၊ အဓမ္မလုပ်အားပေးခေါ်ယူတာတွေ မလုပ်ဖို့အတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ မေတ္တာရပ်ခံတယ်”လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်​က ပြောပါတယ်။

ဒါ့အပြင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ အကျုံးမဝင်ခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူအားလုံးပါဝင်နိုင်ရေးမူနဲ့ လွဲချော်နေတယ်လို့ အဲဒီကြေညာချက်မှာ ပြောဆိုထားပါတယ်။

“ကျွန်တော်တို့ ရခိုင်ဒေသကို စစ်ပွဲနဲ့အကျုံးမဝင်ဘူးဆိုပြီး ချန်လှပ်ထားတာရှိတယ်၊ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်၊ ငြိမ်းချမ်းမှုရရှိရေးအတွက် တိုင်းရင်းသားညီကိုအချင်းချင်း ဆွေးနွေးနေကြတဲ့ကိစ္စမှာ ရခိုင်ဒေသကို ချန်လှပ်ထားတာက တန်းတူရည်တူဆွေးနွေးမယ့် မူကြမ်းလွဲချော်နေတယ်၊ အဲဒါကြောင့် တန်းတူရည်တူသဘောထားပြီး ကြေညာပေးဖို့ တောင်းဆိုထားပါတယ် ”လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာကြဖို့နဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုရည်မှန်းပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar#စစ်​​တွေ#ANP ထုတ်ပြန်ချက်​#

Related posts

Leave a Comment

VOM News

FREE
VIEW