ချင်းတွင်းမြစ် ကို ဖြတ်ကူးတဲ့ (၅)စင်းမြောက် ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)ဖွင့်လှစ်

ဟုမ္မလင်း၊ ဇန်နဝါရီ ၁၄-၂၀၁၉
မိုင်​ချယ်​ရီ(VOM)

ချင်းတွင်းမြစ်ကို ဖြတ်ကူးဖောက်လုပ်ထားတဲ့ တံတားတွေ ထဲကနေ (၅)စင်းမြောက် တံတားဖြစ်လာတဲ့ ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)ကို ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင် တို့ ဦးဆောင် ပြီးတော့ တံတားဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တံတားတွေဟာ ချောင်းဦးမြို့ အနီးမှာ တစ်စင်း ၊ မုံရွာမြို့အနီးမှာတစ်စင်း ၊ ကလေးဝမြို့ အနီးမှာတစ်စင်း ၊ခန္တီးမြို့ အနီးမှာ တစ်စင်း နဲ့ အခုနောက်ဆုံး ဟုမ္မလင်းမြို့အနီးမှာ တစ်စင်း အဖြစ် (၅) စင်းမြောက် တံတားကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒီတံတားဟာ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိတဲ့ တမူး-ကသာ-ဟုမ္မလင်း ကားလမ်းပေါ်မှာ ဖြတ်ကူး ဆောက်လုပ်ထားတာ ဖြစ်ပြီး ဟုမ္မလင်းမြို့ကနေ ဖောင်းပြင်-ပင်လည်ဘူး-မန္တလေး စတဲ့ မြို့တွေ ဆက်သွယ်သွားလာနိုင်တာကြောင့် မန္တလေးမြို့ကနေ နယ်စပ်တင်ပို့မယ့် ကုန်စည်တွေကို ဒီတံတားပေါ်ကနေ ဖြတ်ပြီးတော့လည်း တင်ပို့လာနိုင်မှာ ဖြစ်ပါတယ်။

“အရင်တုန်းက ဟုမ္မလင်းကနေ တမူးကို သွားဖို့ ဆိုရင် ရေတစ်တန် ကုန်းတစ်တန် အဆင့်ဆင့် သွားနေရတာ၊အခု တံတားပြီးပြီဆိုတော့ ဟုမ္မလင်းမြို့ကနေ တမူးမြို့ကို နေ့ချင်းပေါက် သွားလို့ရပြီ” လို့ ဟုမ္မလင်းမြို့မှာ နေထိုင်တဲ့ ဦးမျိုးဇော် က ပြောပါတယ်။

ဒီတံတားကို ၂၀၁၆ ခုနှစ် သြဂုတ်လ က စတင်တည်ဆောက်နေတာဖြစ်ပြီး ကျပ်သန်းပေါင်း ၂၃၃၁၃ သန်းကျော် အသုံးပြု တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

တံတားအရှည်ဟာဆိုရင် ပေပေါင်း ၂၇၆၃ ပေ ရှည်လျားပြီး တံတားအောက်ထည်ကို သံကူကွန်ကရစ်နဲ့ တည်ဆောက်ထားကာ တံတားအပေါ်ထည်ကိုတော့ သံမဏိသံပေါင် နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

#voiceofmyanmar#ချင်းတွင်းမြစ်ဖြတ်ကူး(၅)စင်းမြောက်#ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)ဖွင့်လှစ်#
Photo-ဆဏ်းထွဏ်း(ကြယ်စင်စတိုး)

Related posts

Leave a Comment

VOM News

FREE
VIEW