စစ်ကိုင်းတိုင်းမှာ ကြိုးပြင်ကာကွယ်တော ၁၆ ခု NLD အစိုးရလက်ထက်မှာတိုးလာ

မုံရွာ ဇန်နဝါရီ ၁၅- ၂၀၁၉

ဗျဂ္ဃ (VOM)

NLD အစိုးရလက်ထက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောမြေအဖြစ် ကြိုးပြင်ကာကွယ်တော ၁၆ ခုတိုးလာတယ်လို့ စစ်ကိုင်းတိုင်းသစ်တောညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။ အရင်က စစ်ကိုင်းတိုင်းမှာ ကြိုးဝိုင်းကြိုးပြင် ၂၅၉ ခုရှိပြီး ဧရိယာ ၉၁ သိန်းဧကကျော်ရှိပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်တောဖုံးလွှမ်းမှုကောင်းနေသေးတဲ့ ကသာ၊ ကလေး၊ မော်လိုက်၊ ခန္တီးစတဲ့ခရိုင်တွေမှာလည်း နောက်ထပ် သစ်တောမြေတွေ အသစ်ထပ်မံဖွဲ့စည်းဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့  ဆိုပါတယ်။

“ကြိုးပြင်ကာကွယ်တောအဖြစ် ၁၆ ခုကို သစ်တောဖုံးလွှမ်းမှုကောင်းတဲ့ နေရာတွေမှာ ဖွဲ့စည်းခဲ့ပြီးပါပြီ။ နောက်ထပ်အနေနဲ့ ၁၆ ခုကိုတော့ ရည်ရွယ်ကြောင်းထွက်ပြီးပြီ။ ကြေးတိုင်စိုက်ပြီးပြီ။ အဲဒီဟာကိုလည်း ပြည်ထောင်စုအဆင့်ကို ကြေငြာချက်ထွက်ပေးဖို့ တင်ပြထားပါတယ်။ နောက်တခါ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတွေနဲ့ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရရဲ့ သဘောတူညီချက်၊ ထောက်ခံချက်ယူပြီးတော့မှ အဆိုပြုအနေနဲ့ကြေငြာပေးဖို့ ပြည်ထောင်စုကို တင်ထားတာ ၁၇ ခုရှိပါတယ်။ နောက်တခုက ကွင်းဆင်းဆောင်ရွက်ဆဲ ၂၁ခုရှိပါတယ်။ စုစုပေါင်း ၅၄ ခုကို သစ်တောနယ်မြေတွေ တိုးချဲ့ဖွဲ့စည်းထားဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ သစ်တောဖုံးလွှမ်းမှု ၄၇%ကျော်ကျန်ရှိနေသေးပြီး အဲဒီထဲက ၃၉.၁၈%ကိုသာ သစ်တောမြေအဖြစ် သတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။ တဖက်က သစ်တောတွေပြန်လည်ပြုစု ပျိုးထောင်နေသလို တရားမဝင်သစ်ခိုးထုတ်ယူမှုတွေကလည်း များပြားနေဆဲဖြစ်ပါတယ်။ တိုင်းသစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့အထဲမှာ တရားခံ ၁၁၀၆ ဦး၊ ယာဉ်မျိုးစုံ ၁၃၂၈ စီး၊ ချိန်းဆော ၁၁၀ လုံး၊ သစ်စက် ၂၄၃ ၊ တူမီးသေနတ် ၂ လက်တို့ကို ဖမ်းဆီးရမိခကာ သစ်လုံးတန် ၄၇၀၀ တန်ကျော်၊ သစ်ခွဲသား ၅၈၄၁ တန် စုစုပေါင်း ၁၀၆၆၈ တန်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အများဆုံးက သစ်တောအဓိကကျန်နေသေးတဲ့ ကသာခရိုင်ဖြစ်ပြီး အနည်းဆုံးကတော့ စစ်ကိုင်းခရိုင်ဖြစ်ပါတယ်။

#VOICEOFMYANMAR #သစ်တောကြိုးဝိုင်း#စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW