ရသေ့တောင်မြို့နယ်က သပြေကျ ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့နေရာချထားပေးရန်စီစဉ်နေ

ရသေ့တောင်၊ ဇန်နဝါရီ ၁၄-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းကို ထွက်ပြေးလာခဲ့ကြတဲ့ကျေးရွာသားတွေ ယာယီနေထိုင်လျက်ရှိတဲ့ သက်ပြေကျ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို နေရာပြောင်းရွှေ့ပေးဖို့ ပြင်ဆင်နေပါတယ်။

အဲဒီကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဗောဓိကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ငါးရွာခန့်က ထွက်းပြေးလာခဲ့ကြတာဖြစ်ပြီး လက်ရှိနေထိုင်တဲ့ သပြေကျကျေးရွာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခုလိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးမျိုးနွယ်စုများအစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“သူတို့ကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ရတာက အခုနေတဲ့သပြေကျစခန်းမှာ အဆင်မပြေတာတွေရှိပါတယ်။ သောက်သုံးရေအခက်အခဲရှိတယ်။ စာသင်ကျောင်းနားမှာနေရတာဆိုတော့ စာမေးပွဲတွေရှိနေတဲ့အတွက် ဆူညံမှုတွေဖြစ်တယ်။ ပြီးတော့ သွားလာရေးအခက်အခဲကြောင့် အကူအညီပေးရေးအဖွဲ့တွေ လာရောက်ကူညီဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကားလမ်းနဲ့နီးပြီးတော့ အားလုံးအဆင်ပြေမယ့်နေရာကို ပြောင်းရွှေ့ပေးဖို့လုပ်နတာပါ”လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ဘေးရှောင်တွေအတွက် စခန်းချထားပေးတဲ့နေရာဟာ လယ်ကွက်တွေဖြစ်နေပြီး ရေရှည်နေထိုင်ရမယ့် အနေအထားရှိနေတာကြောင့် ဘူးသီးတောင်-ရသေ့တောင်ကားလမ်းနံဘေး ပဲသတူကျေးရွာအနီးကို ပြောင်းရွှေ့ဖို့အတွက် REC အဖွဲ့က တဲအိမ်တွေဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။

“အခုလောလောဆယ်တော့ သူတို့ဆီမှာရှိနေတဲ့ ပစ္စည်းတစ်ချို့နဲ့ ကျွန်တော်တို့ဆီကနေ အဲဒီလူတွေနေဖို့အတွက် တဲအိမ်တွေဆောက်လုပ်ပေးနေတယ်။ ပြီးတော့ ရိက္ခာသိုလှောင်ရုံတွေဆောက်လုပ်နေတယ်။ အိမ်သာတို့ဘာတို့ပေါ့။ သန်ဘက်ခါလောက်ဆိုရင် ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။”လို့ ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောကြားပါတယ်။

အဲဒီကယ်ဆယ်ရေးခစန်းကို ပြောင်းရွှေ့ပြီးပါက စခန်းကော်မတီတွေနဲ့ စီမံခန့်ခွဲရေးအဖွဲ့တွေကိုပါ ဖွဲ့စည်းပေးသွားမှာဖြစ်ပြီး ရေရှည်နေထိုင်နိုင်ရေးအတွက် စနစ်တကျဖြစ်အောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အဲဒီစခန်းမှာ ရောက်ရှိနေသူအများစုတို့ဟာ ခမီမျိုးနွယ်စုတွေဖြစ်ကြပြီး အိမ်ထောင်စုပေါင်း ၄၄ စု၊ လူဦးရေ ၂၇၀ ကျော်နေထိုင်နေကြတာဖြစ်ပါတယ်။

#voiceofmyanmar#ခမီ#ရသေ့တောင်#သပြေကျ#ရခိုင်စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW