လာရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ညနေပိုင်းတွင် အာမခံနဲ့လွှတ်

လားရှိုး ဇန်နဝါရီ ၁၅-၂၀၁၉

လင်းလင်း (VOM)

လားရှိုးနည်းပညာတက္ကသိုလ်က လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုစိုင်းကျော်ဇောဟန်ကို ဒီကနေ့ မနက်ပိုင်းက တက္ကသိုလ်ဝင်းအတွင်း အရပ်ဝတ်နှင့်ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ဖမ်းဆီးသွားခဲ့ပြီး ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ် လို့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ထံက သိရပါတယ်။

ကိုစိုင်းကျော်ဇောဟန်ဟာ နည်းပညာ တက္ကသိုလ်(လားရှိုး)မှာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ပမာဏထက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကျောင်းအပ်နှံရာမှာ ငွေကြေးပိုမိုကောက်ခံခြင်းများ၊ လွတ်လပ်စွာကျောင်းပြောင်းခွင့်မရခြင်း၊ ၎င်း သမဂ္ဂရုံးခန်းက ပစ္စည်းတွေကို သိမ်းယူခြင်း၊ ပညာရေးဝန်ကြီးဌာနက သဘောတူခွင့်ပြုထားတဲ့ ကျောင်းဆေးပေးခန်း ထားပေးရေး ကိစ္စတွေ အပါအဝင် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တောင်းဆိုချက်တွေ ရရှိဖို့ အတွက် အစာငတ်ခံ ဆန္ဒထုတ်ဖော်မှုတွေလည်း ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ငြိမ်းစု/စီ ပုဒ်မ ၁၉ နှင့် တစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခုအခါမှာ လာရှိုးတရားရုံးမှာ ရုံးချိန်းချိန်းဆိုထားတာကို ကျောင်းသားတွေဘက်က မသိရှိရတဲ့အတွက် ရုံးချိန်း မသွားရောက်ခဲ့တာကြောင့် အခုလို လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ လားရှိုး နည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့  ပြင်ပဆက်ဆံရေး တာဝန်ခံ မနမ်းမွေနွံလျန်းက ပြောပါတယ်။

“တရားရုံးချိန်း မသိရပဲနဲ့ကို တရားရုံး မလာတဲ့အတွက် သူကတရားခံပြေးဆိုပြီးမှ ကြေငြာတယ်၊ ဒါပေမယ့် အဲဒီရုံးချိန်းရှိတာကို ကျွန်တော်တို့က မသိရဘူး၊ တရားခံပြေး ကြော်ငြာတယ်ဆိုတာလည်း မသိရဘူး၊ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတာလည်း ဘာမှမသိရဘူး၊ မသိရပဲ ဒီနေ့မှ သူကကိုယ့်ဟာကိုယ် ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းတက်တယ်၊ ကျောင်းသွားတက်တာကို ဒီအတိုင်း လာဖမ်းသွားတာ” လို့ မနမ်းမွေနွံလျန်းက ပြောပါတယ်။

အခုလိုဖမ်ဆီးခဲ့ပေမယ့် ညနေပိုင်းမှာ အာမခံနှင့် ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကျောင်းသားသမဂ္ဂထံက သိရပါတယ်။ တောင်းဆိုမှုတွေ ရရှိဖို့ကိုလည်း သမဂ္ဂအဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်မယ် လို့ သိရပါတယ်။

ဒီကိစ္စနှင့် ပတ်သက်ပြီး လာရှိုးရဲစခန်းကို VOMက ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိတဲ့အတွက် ရဲစခန်းကဆောင်ရွက်နေတဲ့ အခြေအနေကို မသိရှိရသေးပါ။

#voiceofmyanmar #လားရှိုး# လာရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ

ဓါတ်ပုံ မနန်းမွေနွံလျန်း

Related posts

Leave a Comment

VOM News

FREE
VIEW