မေလအထိ အယ်နီညိုရာသီ ဖြစ်ပေါ်နိုင်ပြီး ကဏ္ဍအသီးသီးမှာ ကြိုတင်ပြင်ဆင်ထားဖို့ မိုးဇလထုတ်ပြန်

နေပြည်တော်၊ဇန်န၀ါရီ ၁၅-၂၀၁၉

ဒီပ(နေပြည်တော် VOM)

၂၀၁၉ခုနှစ် ဇန်န၀ါရီလအတွင်း အီကွေတာအနီးမှာရှိတဲ့ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် အနည်းငယ်မြင့်တက်နေပြီး အားအနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်ကို ရောက်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားတဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ၂၀၁၉ခုနှစ်မေလအထိ ဖြစ်ပေါ်နိုင်သလို မိမိတို့ရဲ့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်စဉ်ကြရန် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီ(၁၃)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညိုရာသီဟာ ၂၀၁၉ခုနှစ်မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သနဲ့ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနက ထုတ်ပြန်ထားကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

“၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုဖြစ်စဉ်ဟာ ယနေ့ထက်တိုင် အထက်လေထုနဲ့ ချိတ်ဆက်မှုမရှိသေးတာကို တွေ့နေရပါတယ် ဒါပေမယ့် နောက်လာမယ့် အနည်းဆုံး(၃)လတာကြာမျှ ဆက်လက်ဖြစ်ဖို့ သေချာမှု(၇၅-၈၀)ရာခိုင်နှုန်းခန့် ရှိနေပါသေးတယ် ၂၀၁၉ခုနှစ် လက်ကျန်ကာလများမှာ အားကောင်းတဲ့ အယ်နီညိုဖြစ်ရန်လည်း အလားအလာမရှိပါ”လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်န၀ါရီ(၁၄)ရက်နေက ဖော်ပြထားပါတယ်။

ဆယ်စုနှစ်အတွင်း ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် အယ်နီညိုနှင့်လာနီညာ ရာသီဥတုများဟာ ၂နှစ်ကနေ ၃နှစ်တစ်ကြိမ်ဖြစ်ပေါ်နေသလို ၂၀၁၅-၂၀၁၆ခုနှစ်အတွင်း အလွန်အားကောင်းတဲ့ အယ်နီညိုဖြစ်ပွားခဲ့တဲ့အတွက်  အာရှပစိဖိတ်(၂၈)နိုင်ငံနီးပါး အပါအ၀င် မြန်မာနိုင်ငံဟာလည်း ရာသီဥတု ဖောက်ပြန်မှုများနဲ့ ကြုံတွေ့ခဲ့ရကြောင်း ဒေါက်တာထွန်းလွင်က ဆိုထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်း ၅နှစ်ကနေ ၇နှစ်မှာတစ်ကြိမ် ရေစီးကြောင်းအပြောင်းအလဲဖြစ်ခဲ့ရာကနေ ယင်းရေပြင်မှာ အနောက်ဘက်က ရေနွေးများဟာ အရှေ့ဘက်အထိ တိုးဝင်လွှမ်းမိုးသွားရင် ထိုနှစ်ကို ရေနွေးလွှမ်းမိုးတဲ့နှစ် အယ်နီညိုလို့ခေါ်ဆိုပြီးတော့ ယင်းနှင့်ဆန့်ကျင်ဘက်အဖြစ် အရှေ့ဘက်ကရေအေးများ အနောက်ဘက်အထိ ၀င်ရောက်လွှမ်းမိုးသွားပါက လာနီညာနှစ်လို့  ခေါ်ဆိုကြောင်းသိရှိရပါတယ်။

#voiceofmyanmar #အယ်နီညို

ဓါတ်ပုံ ဒေါက်တာထွန်းလွင် ဖေ့ဘုတ်

Related posts

Leave a Comment

VOM News

FREE
VIEW