စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာပိတ်ပင်တာ မရှိသင့်ဘူးလို့ ပေါင်းစပ်ညှိနိုင်ရေးအဖွဲ့ပြော

စစ်တွေ၊ ဇန်နဝါရီ ၁၆-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဥပဒေအထောက်အကူပြု ပြင်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက ဒေသခံတွေကို စားရေးရိက္ခာတွေအလွယ်တကူ သယ်ယူပို့ဆောင်ခွင့်မရရှိဘဲ ပိတ်ပင်တားဆီးထားမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အခုလိုမျိုး ရိက္ခာသယ်ယူခွင့်တွေပိတ်ပင်တားဆီးထားတဲ့အတွက် ကျေးရွာသားအများစုတို့ဟာ နေရပ်စွန့်ခွာထွက်ပြေး လာနေကြရပြီး စားနပ်ရိက္ခာတွေကိုပိတ်ပင်တယ်ဆိုတာမရှိသင့်ကြောင်းနဲ့ အခုလိုမျိုးပြုလုပ်နေတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပြောပါတယ်။

“စားနပ်ရိက္ခာအတွက်ပိတ်ပင်တယ်ဆိုတာတော့ မရှိသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဒါကလူ့အခွင့်မရေးတစ်ရပ်ပဲ။ လူတိုင်းလူတိုင်းဟာ မိမိတို့စားဝတ်နေရေးအတွက် ကြိုးပမ်းနေကြရတယ်။ ဒီအချိန်က ဆောင်းရာသီလည်းဖြစ်တယ်။ တော်တော်ချမ်းအေးတဲ့ရာသီလည်းဖြစ်တယ်ဆိုတော့ စားနပ်ရိက္ခာတွေကို ပိတ်ပင်တာဟာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။”လို့ တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးသာဇံက ပြောပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထေက်ထားမှုဆိုတာဟာ ကမ္ဘာတစ်ဝှမ်းမှာကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်အစိုးရကအစ လိုက်နာရမယ့်အချက်ဖြစ်ပြီး လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် စားနပ်ရိက္ခာရပိုင်ခွင့်ရှိကြောင်းနဲ့ အခုလိုပိတ်ပင်တားဆီး ထားတာဟာ နိုင်ငံတကာဥပဒေကိုလည်း ဆန့်ကျင်ရာရောက်တယ်လို့ ပြောပါတယ်။

“ကျွန်မတို့အနေနဲ့ကတော့ လက်ရှိလုံခြုံရေးအခြေအနေကို စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေကိုလည်း လုံခြုံရေးဒီထက်အားကောင်းလာအောင် လုပ်ဖို့ပါပဲ။ ပြီးတော့ နိုင်ငံတကာလူသားချင်းစာနမှု ဥပဒေတွေ ကိုလည်း ဒီထက်ပိုပြီးတော့ လိုက်နာမှုတိုးတက်အောင်ဆောင်ရွက်ဖို့မျှော်လင့်ပါတယ်။”လို့ UNHCR ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတာတွေနဲ့ပတ်သက်လို့ ပေါင်းစပ်ညှိနှိုင်ရေးကိစ္စတွေကို ရခိုင်ပြည်နယ်ဝန်ကြီးကတင်ပြသွားမှာဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းနိုင်ခြင်းမရှိရင် ပြည်ထောင်စု ဥပဒေချုပ်ဆီကို တင်ပြသွားမယ်လို့ အဖွဲ့ခေါင်းဆောင် ဦးသာဇံက ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#ရခိုင်#စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW