ကသာခရိုင်အတွင်း တရားမဝင်သစ်တန် ၅၀၀ ကျော် ဖမ်းဆီးရမိ

 

ကသာ ဇန်နဝါရီ ၁၆-၂၀၁၉

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ညနေ ၄ နာရီကျော်ခန့်က ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ သစ်ဖောင်တွေကို စစ်ဆေးရာကနေ တရားမဝင်သစ်တန် ၅၃၅ တန်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကသာမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

ကသာမြို့နယ်မှာ သစ်ဖောင်မျှောတာတွေကို ခွင့်ပြုမထားတဲ့အတွက် တားဆီးစစ်ဆေးရာကနေ သစ်ဖောင် ၁၅ ဖောင်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၁ ပတ်ကြာ ဆယ်ယူတိုင်းရာမှာ ကညင်သစ်အလုံးရေ ၄၅၀ လုံး၊ ၅၃၅.၆၂ တန်ကို ဆယ်ယူတိုင်းတာရရှိထားပြီး နောက်ထပ်လည်း ရေထဲမှာကျန်နေသေးတဲ့အတွက် တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

“သစ်တွေက ကသာခရိုင်အတွင်းကတော့ မဟုတ်ပါဘူး။ နယ်မြေချင်းဆက်စပ်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ စုန်ဆင်းလာတာဖြစ်ပါတယ်။ အခုဖမ်းမိတာက ကသာမြို့နယ်မှာ ဒီနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး သစ်ပမာဏကတော့ စံချိန်တင်ဖမ်းမိတာပါ။ မနှစ်ကဆိုရင်လည်း သစ်တန် ၃၆၉၊ ၃၇၈ စသဖြင့် ဖမ်းမိတာတွေရှိပါတယ်။ အခုကတော့ အဲဒါထက်ကို အများကြီးပိုပါတယ်။ တရားခံအချို့လည်း ဖမ်းဆီးပြီး သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အမှုဖွင့်ထားပါတယ်။”လို့ ကသာမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုင်းသစ်တောဦးစီးဌာနက စာရင်းတွေအရလည်း စစ်ကိုင်းတိုင်းမှာ ၂၀၁၈ ခုနှစ်အတွင်း တရားမဝင်သစ် ၁၀၆၆၈ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အများဆုံးက ကသာခရိုင်က ဖြစ်ကာ ၂၈၅၃ တန်ကျော်ဖမ်းဆီးရမိခဲ့တာပါ။ ကသာခရိုင်အနေနဲ့ ဖမ်းဆီးရမိမှုများရတာကတော့ အခုလိုပဲ နယ်နမိတ်ချင်း ထိကပ်နေတဲ့ ကချင်ပြည်နယ်ဖက်ကနေ နယ်ကျော်ဝင်ရောက်လာတာတွေကို ဖမ်းဆီးနိုင်တာတွေကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

အခုဖမ်းမိတာတွေကို မြန်မာ့သစ်လုပ်ငန်းကို လွဲပြောင်းပေးထားပြီး အရင်က ဖမ်းမိသမျှသစ်တွေကို ဒေသသုံးတွေအတွက် လေလံတင်ရောင်းချတာတွေရှိတယ်လို့ တိုင်းသစ်တောအရာရှိတွေက ပြောပါတယ်။

#voiceofmyanmar#ကသာ# သစ်တန်ငါးရာကျော်ဖမ်းမိ

ဓါတ်ပုံ Tin Htun Facebook

Related posts

Leave a Comment

VOM News

FREE
VIEW