သရေခေတ္တရာ ရှေးဟောင်းဇုံက လေးမျက်နှာဂူဘုရား ဖောက်ထွင်းခံရ

ပြည် ဇန်နဝါရီ ၁၈-၂၀၁၉

လမင်း (ပြည် VOM)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခတ္တရာရှေးဟောင်းဇုံထဲက လေးမျက်နှာဂူဘုရားကို ဇန်နဝါရီလ ၁၆ ရက်နေ့ကဖောက်ထွင်းခံခဲ့ရကြောင်း ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှ သိရပါတယ်။

ပြည်မြို့နယ် မဋ္ဌောကျေးရွာ ဘောဘောကြီးဘုရားအနီးက လေးမျက်နှာဂူဘုရားရဲ့ ထိပ်အလည်တည့်တည့်က အင်္ဂဒေကိုင်ထားတဲ့ ရေပိတ်တော်ကို ဖေါက်ထွင်းခဲ့တာဖြစ်ပြီး အလျား ၄ ပေ ၊ အနံ ၁ ပေခွဲနဲ့ အနက် ၁ ပေခွဲခန့် ဖေါက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖေါက်ထွင်းခံရမှုနဲ့ပတ်သက်လို့ ခေတ်သစ်ပြုပြင်ထိန်းသိမ်းထားတဲ့ လက်ရာတွေသာ ပျက်ဆီးခဲ့ပြီး ရှေးယခင်မူလရှေးဟောင်း စေတီကို ထိခိုက်မှုမရှိဘူးလို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းကပြောပါတယ်။

“အပေါ်ပိုင်းရေပိတ်လွှာအားလုံးက ခေတ်သစ်လက်ရာပါ။ သုံးထားတဲ့ပစ္စည်းတွေကတော့ ရှေးဟောင်းအမွေအနှစ်ပတ်သက်ပြီးမရှိဘူး။ စေတီကတော့ ရှေးဟောင်းအမွေအနှစ်ဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်မဝင်ခင်ကပြင်ထားခဲ့တော့ အင်္ဂဒေကလည်း မူလအင်္ဂဒေမဟုတ်ဘူး ခေတ်သစ် အင်္ဂဒေ။ ဝမ်းစာဖြည့်ထားတာက ခေတ်သစ်အုတ်ကျိုးလေးတွေနဲ့ ထောင်းပြီးထည့်ထားတာဖြစ်လို့ ဘာမှနစ်နာဆုံးရှုံးတာတော့ မရှိဘူး။” လို့ ဦးစိုးမင်းက ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ်နဲ့ လေးမျက်နှာဂူဘုရားက ဋ္ဌာပနာပစ္စည်းတွေ ဆုံးရှုံးမှုမရှိပေမယ့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံဖျက်စီးသူကို ယဉ်ကျေးမှု့အမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေတယ်လို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

#voiceofmyanmar#ပြည်#ရှေးဟောင်းလေးမျက်နှာဂူဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW