ရန်ကုန်က ၆ မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ အဆိုတင်သွင်းခဲ့ပေမယ့် ကန့်ကွက်သူများလို့ အဆိုရှုံး

ရန်ကုန် ဖေဖော်ဝါရီ ၄- ၂၀၁၉

TGH (VOM)

ရန်ကုန်တိုင်းမှာရှိတဲ့  ဒဂုံမြို့သစ်မြို့နယ်နဲ့  လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ ၆ မြို့နယ်က ပြည်သူတွေဟာ ဆိုင်ကယ်ကို အဓိကအသုံးပြုနေရတာဖြစ်တဲ့အတွက် တိကျတဲ့နယ်နမိတ်တွေ ၊ စည်းကမ်းတွေသတ်မှတ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုပေးဖို့ ဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ယနေ့ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

ဆိုင်ကယ်ရဲ့အသုံးဝင်မှုက မဖြစ်မနေလိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပေမယ့် သဘောမတူသူရှိခဲ့သဖြင့် ဆန္ဒမဲ ခလုပ်နှိပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာ  ကန့်ကွက်ကိုယ်စားလှယ်ဦးရေများပြားခဲ့တဲ့အတွက် အဆိုကိုလက်ခံဆွေးနွေးဖို့မရှိဟု ပြည်သူ့လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ကြေငြာခဲ့ပါတယ်။

အဆိုတင်တဲ့  ဦးအေးနိုင်က

“ဥပဒေဘောင်အတွင်း ဥပဒေနဲ့အညီနေထိုင်ချင်ပါလျက်နဲ့ဥပဒေပြင်ပကိုရောက်နေပါတယ်။ အနှစ် ၂၀ လုံးလုံး ဥပဒေပြင်ပမှာ ကျွန်တော်တို့ပြည်သူတွေ နားလည်မှုနဲ့ ဘ၀ကို မော်တော်ဆိုင်ကယ်တွေနဲ့ အသက်ဝင်လှုပ်ရှားနေရတဲ့အခါ  အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ၊တရားဥပဒေစိုးမိုး ရေးနဲ့ လုံခြုံရေးတွေမှာ ထိခိုက်လာပါတယ်။ဥပဒေပြင်ပ ဖြစ်နေတဲ့အတွက် ယာဉ်လိုင်စင် ၊ လူလိုင်စင် ၊မော်တော်ဆိုင်ကယ်အုပ်ထုပ်ဆောင်းဖို့ အသိပညာပေးဖို့ကလည်း ထိန်းချုပ်ဖို့ခက်ပါတယ်။ အလားတူပဲဥပဒေစိုးမိုးရေးအပိုင်းမှာဆိုရင်လည်း စိုးရိမ်စရာရှိတယ်။ လူမှုကွန်ယက်မှာ မြင်တွေ့နေရတာ ဆိုင်ကယ်ပေါ်ကနေ ပိုက်ဆံအိတ်လုတာတွေ ၊ထိခိုက်နာကျင်မှုပြုတာတွေဖြစ်နေတယ်။ ပြစ်မှုတစ်ခု ဖြစ်ရင်နောက်ကြောင်းကိုလိုက်ဖို့အင်မတန်ခက်ပါတယ်။ ဒါကြောင့် တရားဥပဒေနဲ့အညီ ခွင့်ပြုပြီး ဘတ်စ်ကားလိုင်းတွေပြေးဆွဲနိုင်ပြီဆိုမှ ဆိုင်ကယ်စီးနင်းမှုကို ပြန်လည်သုံးသပ်ဖို့ အဆိုတင်သွင်းတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မြို့နယ်  ၆ ခုထဲမှာပါတဲ့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာဆိုရင်  ပြည်တွင်းဒေသအသီးသီးကနေ  အလုပ်အကိုင်အခွင့်အလမ်းအတွက် စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြပါတယ်။ ညအလုပ်သမားတွေများစွာသွားလာလုပ်ကိုင်နေကြတဲ့ ဒီစက်မှုဇုန်ကြီးထဲကို ဘယ်ယာဉ် လိုင်းမှ မပြေးဆွဲနိုင်ကြသေးတာကြောင့်  ခြေကျင်တစ်မျိုး ၊ ဆိုင်ကယ် တစ်မျိုး၊ စက်ဘီး ၊ ဆိုက်ကားနဲ့သွားနေရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းမှုက Downtown ဧရိယာတစ်ဝိုက်မှာသာ လုံးဝစီးနင်းမှုမရှိတာဖြစ်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန် ၊ မြောက်ဥက္ကလာ စတဲ့ မြို့နယ်အချို့မှာတော့ ဆိုင်ကယ်အငှားပြေးဆွဲတာတွေ ၊ ကိုယ်ပိုင်ဆိုင်ကယ်စီးနင်းသူတွေ တော်တော်များများရှိနေပါတယ်။

#VOICEOFMYANMAR#ရန်ကုန်တိုင်း၆မြို့နယ်ဆိုင်ကယ်စီးဖို့အဆို

ဓါတ်ပုံ nldyangon.org

Related posts

Leave a Comment

VOM News

FREE
VIEW