မတူပီက စစ်တပ်ရှေ့တွေ ညအချိန်ဖြတ်သန်းသွားလာခွင့်မရှိ

မတူပီ ဖေဖော်ဝါရီ ၇-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် မတူပီမြို့ အထွက်ဖက်မှာ တည်ရှိတဲ့ တပ်မတော်တပ်ရင်း တွေရဲ့ ရှေ့ကနေ ညနေ ၇ နာရီ ကနေ မနက် ၅  နာရီ ကြား ကာလမှာ ဖြတ်သန်း မသွားဖို့ တပ်မတော်ဖက်ကနေ အမိန့်ထုတ်ကြေညာထားတယ် လို့ မတူပီမြို့ဒေသခံတွေကပြောပါတယ်။

သတ်မှတ်ထားတဲ့အချိန်မှာ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ နဲ့  နေ့လယ်ချိန် ဖြတ်သန်းသွားလာတဲ့ အခါမှာလည်း တပ်ရင်းတွေ ရှေ့ရောက်ရင် ဖုန်းပြောတာတို့ ဓာတ်ပုံရိုက်တာတို့ စတဲ့အရာတွေ ကိုလည်း မပြုလုပ်ကြဖို့နဲ့  မြို့တွင်းမှာ တူမီး လေသေနတ်စတာတွေ ထမ်းပြီး မသွားလာကြဖို့ ၊ လူစိမ်းတွေ ၀င်ရောက်လာရင် ချက်ခြင်း အသိပေးဖို့ ဆိုပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ် အတွင်းမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ကနေစပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“လတ်တလော လုံခြုံရေး အရလို့ပဲ ပြောတယ် အသေးစိတ်ရှင်းပြတာတော့မရှိဘူး” လို့ မတူပီမြို့ခံ ဆလိုင်းအောင်ဆန်းက ပြောပါတယ်။

မတူပီမြို့ မှာ အခြေစိုက်တဲ့ တပ်ရင်းတွေကတော့ မတူပီမြို့ကနေ ပလက်ဝမြို့ သွားတဲ့ ဖက်မှာ အမှတ်(၃၀၄)ခြေမြန်တပ်ရင်း၊ မတူပီမြို့ကနေ ဟားခါးမြို့ဖက်ကို ထွက်တဲ့ လမ်းဘေးမှာတော့ ဗျူဟာတပ်ရင်း နဲ့ အမှတ်(၁၄၀)ခြေလျင်တပ်ရင်းတွေ အခြေစိုက်ထားပြီး အဲ့ဒီတပ်ရှေ့ လမ်းပေါ်ကနေ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ မြို့တွင်းနဲ့ မင်းတပ်မြို့ဖက်သွားတဲ့ ကားလမ်းပေါ်မှာတော့ လွတ်လပ်စွာ သွားလာနိုင်ကြပါတယ်။

မတူပီမြို့ဟာ ဆိုရင် တပ်မတော်နဲ့ AA တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပလက်ဝမြို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေပြီး နယ်မြေခြင်း ဆက်စပ်နေတာကြောင့် တပ်မတော်ဖက်ကနေ လုံခြုံရေး အနေအထားအရ အသင့် ပြင်ထားကြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောကြားကြပါတယ်။

#voiceofmyanmar#မတူပီ

Related posts

Leave a Comment

VOM News

FREE
VIEW