လွိုင်ကော် ကရင်နီလူငယ် သပိတ်စခန်းဖြိုခွဲခံရ

လွိုင်ကော် ဖေဖေါ်ဝါရီ ၇- ၂၀၁၉

ထူးသာဦး (VOM)

‌လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးရှေ့မှာ  သပိတ်စခန်းထိုင်နေတဲ့ လူငယ်တွေကို  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သပိတ်ခန်းကို ဖြိုခွင်းလိုက်ပါတယ်။

‌သပိတ်စခန်းဖျက်သိမ်းပေးဖို့ ယနေ့ မွန်းလွှဲပိုင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ လွိုင်ကော်စခန်းမှူးတို့ လာရောက်ပြောဆိုခဲ့ပြီး နာရီဝက်အကြာ ရဲအင်အား တစ်ရာဝန်းကျင် သပိတ်စခန်းကို ရောက်ရှိလာကာ ကရင်နီလူငယ်များ ဖမ်းဆီးခံခဲ့ရပြီး  သပိတ်စခန်းဖြိုခွဲခံခဲ့တာဖြစ်ပါတယ်။

 

‌ဒီနေ့သပိတ်စခန်းဖြိုခွဲ မှုမှာ သပိတ်စခန်းဦးဆောင်သူ လေးဦးကို ရဲတပ်ဖွဲ့များမှဦးစွာဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ရှိခဲ့သည်လူငယ် ၃၇ဦးကို လူစုခွဲခိုင်းရာမှ လူငယ်များက လူစုမခွဲသောကြောင့်ရဲကားပေါ်သို့အတင်းဆွဲခေါ်သွားခဲ့ခြင်းဖြစ်ပါတယ်။

 

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သပိတ်ခေါင်းဆောင် ၄ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှ တရားလိုပြုလုပ်ပြီး ငြိမ်းစုစည်ပုဒ်မဖြင့်တရားစွဲဆိုသွားမည်ဟုသိရှိရသော်လည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည့်လူငယ် ၃၇ ဦးကိုမူ တရားစွဲ၊ မစွဲကို ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

ထိုင်သပိတ်ကော်မတီပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ်က လူငယ်တွေအနေနဲ့ သူတို့မူလတောင်းဆိုချက်တွေကို ရရှိတဲ့အချိန်ထိ သပိတ်စခန်းဆက်လက်ထားရှိသွားမှာဖြစ်ပြီး သပိတ်စခန်းဖြိုခွဲခံရသော်လည်း လှုပ်ရှားမှုပုံစံအမျိုးမျိုးဆက်ရှိနေမယ်လို့ဆိုပါတယ်။

‌” ကျနော်တို့ကိုသိပိတ်စခန်းဖယ်ခိုင်းဖို့ မယ်ရင်ခေါင်းဆောင်တွေကို တရားစွဲပီး သပိတ်ခစန်းဖြိုမယ်ပြောတယ်၊ လူငယ်တွေကတော့ မူလတောင်းဆိုချက်အတိုင်းဘဲ ဆက်ရပ်တည်မှာပါ ” လို့ ပြောပါတယ်။

 

လူငယ်များအနေဖြင့် ကြေးရုပ်ထုကိုဖျက်သိမ်းပေးဖို့၊ မဖြစ်မနေလုပ်မည်ဆိုပါက တပြည်နယ်လုံးမဲပုံးထောင်ကြီး ပြည်သူ့ဆန္ဒ ၊ NLD အနေဖြင့် ရုပ်ထုကို မဖြစ်မနေထားရှိမည်ဆိုပါက အများပြည်သူပိုင် ပန်းခြံတွင်မထားရှိဘ ပါတီနှင့်သက်ဆိုင်သည့်နေရာတွင်ထားဖို့၊ ပရဟိတအသင်းကလုပ်မည်ဆိုပါကလည်း ပရဟိတနှင့်သက်ဆိုင်သည့်နေရာတွင်ထားရှိဖို့  စတဲ့အချက်များကို တောင်းဆိုထားပါတယ်။

 

ဗိုလ်ချုပ်ကြေးရုပ်ထုကို ကယား ပြည်နယ်အစိုးရရံပုံငွေမှ သိန်း ၅၀၀ မတည်ပြီး အခြားအလှူရှင်၏ထည့်ဝင်ငွေဖြင့်တည်ဆောက်ခဲ့သည် ဟုဆိုထားသော်လည်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းမြင်သာသည့်ထုတ်ပြန်ချက်တစ်စုံတရာမရှိခဲ့ပေ။

 

ကြေးရုပ်ထုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လွိုင်ကော်မြို့ရှိပြည်သူပိုင် ကန္ဒာဟေဝန်ပန်းခြံတွင် ထောက်ခံပွဲနှင့်အတူ စိုက်ထူခဲ့ပြီး ယင်းနေ့တွင် ရုပ်ထုစိုက်ထူမှုကို ကန့်ကွက်ခဲ့သည့် လူငယ် ၇ ဦးမှာလည်း ငြိမ်းစုစည် ပုဒ်မနှင့်တရားစွဲခံထားရကြောင်းသိရပါတယ်။

#voiceofmyanmar#ကရင်နီသပိတ်စခန်းဖြိုခွင်းခံရ#လွိုင်ကော်

Related posts

Leave a Comment

VOM News

FREE
VIEW