မန္တလေး၊ ဖေဖေါ်ဝါရီ ၉-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းစံပြကျေးရွာမှာ မြေနုကျွန်းလုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ မြေနုကျွန်းအနီးက သဲတွေကို စည်းကမ်းမရှိ အများအပြားစုပ်ယူနေတာကို ဒေသခံတွေက မကျေနပ်ပဲ တားဆီစေချင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက မန္တလေး ကွန်မြူ နတီစင်တာမှာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနုကျွန်းပေါ်ကို ဦးမောင်ဝိတ် ရဲ့ (Mandalay Business Capital City Development Co.,Ltd- M.B.CC.D)ကုမ္ပဏီက လမ်းတွေဖောက်လုပ်ကာ သဲတွေကိုတောင်ပုံယာပုံ စုပုံထားရှိပြီး သဲတွေကို အလွန်အကျွံ စည်းကမ်းမရှိ စုပ်ယူမှုကြောင့် ကမ်းပါးတွေပြိုနေတာကြောင့် တားဆီးစေချင်တာဖြစ်ပါတယ်။
“အဲ့ကုမ္ပဏီက ခနတိုင်း သဲတွေလာစုပ်တယ် ၊ ရေတိုးတော့ ကမ်းပါးတွေပြိုပြီလေ၊ ကျမတို့က နှစ်(၆၀)ရှိပြီ လုပ်ကိုင်စားသောက်လာတာ ၊ ဥပမာ ၁ဧကကို ဒသမ၁၀၀ရှိတယ်ထား ခုလိုသဲတွေစုပ်တော့ ဒသမ၅၀ပဲကျန်တော့တယ် အဲ့ဒါတွေကို တားစေချင်တာပါ” လို့ ဒေသခံတောင်သူ ဒေါ်ဝင်းဝင်းသန်း က ပြောပါတယ်။
ဒေသခံတွေရဲ့ မြေနုကျွန်းနေရာတွေကို (M.B.CC.D)ကုမ္ပဏီက ဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် မြေနုကျွန်းကိုမှီခိုပြီး မိသားစုစားဝတ်နေရေး လုပ်ကိုင်နေရတဲ့အတွက် ဒေခံတွေက ရောင်းချမှုမပြုကြောင်းကို ပြန်လည်အကြောင်းကြောင်းပြီးသော်လည်း ကုမ္ပဏီက သဲစုပ်ပိုက်ချကာ သဲများစုပ်ယူတာကြောင့် မြေနုကျွန်းမြေတွေဟာ ရေအောက်ကို ပြိုကျပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
ယခုလိုဖြစ်နေတဲ့ ကိစ္စကို တားဆီးပြီး ထိရောက်စွာအရေးယူပေးဖို့အတွက် ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်လက်မှတ်ရေးထိုးကာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နဲ့ သက်ဆိုင်ရာဌာနတွေကို ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ ၁၁ရက်နေ့မှာ တိုင်ကြားစာတွေ ပေးပို့သွားမယ်လို့ ဒေသခံတွေကပြောပါတယ်။
#voiceofmyanmar#မန္တလေး#ရှမ်းလေးကျွန်းပေါ်က သဲတွေကို#စည်းကမ်းမဲ့စုပ်နေတဲ့အတွက်ဒေသခံတွေမကျေနပ်#