ပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းမည်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉

မောင်တာရာ (VOM)

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးတွေရဲ့ နာယက  ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့  ကျန်းမာရေးအခြေအနေကြောင့်  တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။

 

ပါမောက္ခချုပ်ဆရာတော်ဘုရားသည် စင်္ကာပူနိုင်ငံမှာ Medical Checkup ပြုလုပ်ခဲ့ရာ အချိန်ကာလ သုံးလအတွင်း အသည်းထဲရှိ အကျိတ်မှာ ၁ ဒသမ ၄၃ စင်တီမီတာ ကနေ ၂ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာပြီး အဲဒီ အကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်နဲ့ ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာတွေ ထံက သိရပါတယ်။

 

”ကျန်းမာရေးအခြေအနေကြောင့် ဆရာတော်ကြီးရဲ့ တရားပွဲတွေ ခေတ္တရပ်နားထားတာပါ ။ ဘယ်တော့ ပြန်လည် တရားဟောဖြစ်မယ်ဆိုတာလည်း ပြောမရသေးပါဘူး။” ဟု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တပည့် ဒကာဖြစ်သူ ဦးကျော်ငြိမ်း က ပြောပါတယ်။

 

 

ကုသမှုခံယူထားဟာကို Biopsy အဖြေ ရယူစစ်ဆေးရာမှာ ကင်ဆာဆဲလ် (လုံးဝ)မတွေ့ရှိရကြောင်း၊ပုံမှန် စစ်ဆေးမှုအဖြစ် သီတင်းပတ် (၆) ပတ် ပြည့်လျှင် စင်္ကာပူနိုင်ငံမှာ ဆေးစစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဒါအပြင် ဆရာတော်အနေနဲ့ ပညာဘူမိတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ပညာရေးကိစ္စများဆောင်ရွက်ရန်ကိစ္စတွေ၊ အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့မှာ သစ္စာနန္ဒဓမ္မစင်တာ ကျောင်းတိုက် တည်ထောင်ရန် ခရီးစဉ်တွေ ရှိတဲ့အတွက် ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်သင်ကြားပေနေတဲ့ ဓမ္မပညာသင်တန်းကျောင်းကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း သိရပါတယ်။

#voiceofmyanmar#ပါမောက္ခချုပ်ဆရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW