ဗျတ္တပန်းဆက်လမ်းကြီး ပိုက်ဆံကျဲချခိုင်းသူတွေနဲ့ စည်ကားနေတဲ့ တရားခံက ဘယ်သူလဲ….

TGH(VOM)

အခုလိုအချိန်ဆို အညာဒေသမှာ လေရူးတွေတိုက်ခတ်နေသလိုရာသီဥတုကလည်း ပူပြင်းနေတတ်တာ နှစ်တိုင်းပါပဲ။အဲ့လိုအပူချိန်ကိုအန်တုပြီး လာသမျှကားတွေဆီကနေ ဖိနပ်မပါ ထီးမဆောင်းပဲ အလှူငွေလိုက်တောင်းနေတဲ့ သူတွေလည်းမနည်းမနောပါပဲ။

ပုဂံနဲပုပ္ပါးကို ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းလို့ ခေါ်တဲ့လမ်းပေါ်မှာတော့ အဲ့လိုလူတွေကို ပိုတွေ့ရမှာပါ။အဲ့ဒီသူတွေရဲ့ အဓိက၀င်ငွေက လာတဲ့ကားတွေဆီကနေ ပိုက်ဆံတောင်းတာဖြစ်ပါတယ်။ကလေးသူငယ်တွေလည်းပါသလို အသက်အရွယ်ကြီးရင့်သူတွေလည်းပါဝင်ပါတယ်။ကားတစ်စီးဖြတ်သွားတိုင်းလည်း  ပါးစပ်ကနေ ““money money  ကျဲခဲ့ပါအုံး”လို့ တစာစာအော်နေကြတဲ့သူတွေပါ။

ဒါဟာ ဗျတ္တပန်းဆက်လမ်းမကြီးပေါ်ရောက်သွားခဲ့သူတွေ ကြုံကိုကြုံရမယ့်အနေအထားပါ။ ရိုးရာဓလေ့လိုဖြစ်နေတဲ့ အဲ့ဒီအစဉ်အလာကြားထဲမှာ လောဘတစ်ချို့ကလည်း ကပ်ပါလာပါတယ် အဲ့ဒါကိုတော့ အဲ့ဒီလမ်းပေါ်သွားခဲ့တဲ့ ဆရာတော် ဦးကေလာသ ရဲ့ဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ပိုက်ဆံတောင်းနေတာကို ချမပေးခဲ့လို့ ကားကိုခဲနဲ့ထုခံခဲ့ရတယ်လို့ ဦးဇ္ဇင်းက မိန့်ပါတယ်။

“ ကိုယ့်ရှေ့ကမှန်လုံကားက ပိုက်ဆံကြဲလိုက်တယ်။အဲ့ဒီမှာ ၀ိုင်းအုံပြီးလုကောက်ကြတယ်။နောက်က ဘာကားလာလာ ဂရုမစိုက်ဘူး။ဘုန်းဘုန်းတို့ကတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ကားအရှိန်လျှော့လိုက်တယ်။ဒီမှာ သူတို့က ပိုက်ဆံပေးမယ်လို့ထင်ပါလိမ့်မယ်။ဘုန်းဘုန်းတို့ကမပေးလည်း မပေးရော အမိုးပေါ်ကို ခဲပစ်လိုက်တဲ့ အသံကြားလိုက်တယ်။ဒါဘယ်လိုမှမဖြစ်သင့်ဘူး။”လို့ ဆရာတော်က သူ့ရဲ့ဖြစ်စဉ်ကို မိန့်ပါတယ်။

ဘုရားဖူးခရီးသွားတွေအသွားများတဲ့နေရာဖြစ်တဲ့အတွက် လှူဒါန်းချင်သူများတာကြောင့် ဒေသခံတချို့အတွက်တော့ အလွယ်ငွေရလမ်းဖြစ်လာနေပါတယ်။ဘာအတွက် ပိုက်ဆံချခိုင်းမှန်းမသိပေမယ့် လှူတတ်ရင်မြတ်တယ်ဆိုတဲ့ ဘုရားဖူးတွေက ချပေးကြလေ့ရှိကြတာပါပဲ။

 

“ခုချိန်မှာ ပိုက်ဆံမပေးသင့်တော့ဘူး။လူဆိုတာလော ဘရှိတယ်။လောဘဦးဆောင်ရင်အန္တရာယ်လည်းမသိတော့ဘူး။ဒါတွေကိုလုံးဝ မတားဘူးဆိုရင် နောင် တချိန်မှာ ဒီလိုတောင်းတဲ့သူတွေကို အသွင်ယူပြီးတော့ ဒုစရိုက်သမားတွေဝင်လာနိုင်တယ်လို့ တွေးမိ တယ်။ဘုန်းဘုန်းတို့ကလည်း အန္တရာယ်ဖြစ်မှာစိုးလို့မပေးခဲ့တာ။”လို့ ဆရာတော်က မိန့်ပါတယ်။

ငွေတောင်းတဲ့အလေ့အထဟာ  လွန်ခဲ့တဲ့ ၈ နှစ်ဝန်းကျင်လောက်ကမှ ဘုရားဖူးကားတွေက ငွေပစ်ချ ပေးခဲ့ရာကနေစတင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ဒီလို တောင်းရမ်းနေတာတဲ့ကိစ္စတွေ တစ်နေ့တစ်ခြား သရုပ်ပိုးဆိုးလာတာဟာ လမ်းတစ်လျှောက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ၊ မြို့နယ်ထွေအုပ် ၊ ခရိုင်ထွေအုပ် ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းကြပ်မတ်ပေးတာမျိုးမရှိတဲ့အတွက်လို့ ယူဆလို့ ရပါတယ်။

ကျေးရွာအုပ် ချုပ်ရေးမှူးတွေသာ အမှန်တကယ်အလုပ်လုပ်ခဲ့ရင် အခုလို တောင်းရမ်းသူတွေ များလာမှာမဟုတ်ဘူးလို့လည်း ညောင်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုဝင်းဌေးကပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုကောက်ချက်တွေကြောင့် ညောင်ဦးခရိုင်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့်တရားဝင်ဖြေကြားမပေးခဲ့ပါဘူး။ဒါ့အပြင် ကျောက်ပန်းတောင်း ထွေအုပ်ရုံးကို ဆက်သွယ်ရာမှာလည်း တိကျတဲ့ဖြေကြားပေးတာမျိုးမရှိခဲ့ပါဘူး။တခြားအာဏာပိုင်အဖွဲ့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ လက်ရှောင်နေပါတယ်။

ညောင်ဦးခရိုင်ထွေအုပ်ရုံးကိုအကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားမဲ့သူမရှိခဲ့သလို ခရိုင်ရဲစခန်းကိုဆက်သွယ်မေးမြန်းရာမှာလည်းသက်ဆိုင်ရာမြို့နယ်ကသာတိုက်ရိုက်အကြောင်းစုံသိတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီလို ခရိုင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရဌာနတစ်ခုအနေနဲ့ တာဝန်ယူလက်ခံပြောကြားမှုမရှိတဲ့ဟာ တမင်ရှောင်လွဲနေတာသာဖြစ်နိုင်တယ်လို့   ဒေသခံတွေက ဝေဖန်ပါတယ်။

 

“ ဒီလမ်းမှာ ဒီလိုတောင်းနေတာတွေဖြစ်နေတယ်။တဖြေးဖြေးပိုဆိုးလာတယ်။ဒါကို သူတို့မသိဘဲမနေဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သိကိုသိမယ်။ဒီလောက်လူအများကြီးလုပ်စား နေတာ မသိတာလုံးဝမဖြစ်နိုင်ဘူး။ထွေအုပ်တွေကလည်း ကြပ်ကြပ်မတ်မတ်လုပ်။ ကျေးရွာအုပ်ချုပ်ရေး မှူးတွေကိုစာထုတ်ပေး။ဒီလမ်းမှာ မတောင်းဖို့ တရားဝင်ကြေငြာချက်ထုတ် ၊ရပ်ကျေးတွေအလုပ်မလုပ်လို့ဆိုတာပေါ်လွင်တယ်။အလုပ်မလုပ်ချင်နေရာကဖယ်လေ။ထွေအုပ်ဘက် ကလည်း တင်းတင်းကျပ်ကျပ်လုပ်ရမယ်”လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ကားတွေကိုတားပြီး ပိုက်ဆံတောင်းပါတယ်

ခြေလက်အစုံအလင် ငယ်ရွယ်သူတွေကပါ လမ်းမပေါ်တက်ပြီး  ငွေတောင်းနေတဲ့ဖြစ်ရပ်ကြီးဟာ အဲဒီဒေသတစ်ခုလုံးအတွက် သိက္ခာကျစရာဖြစ်ရပ်တစ်ခုသဖွယ်ခံစားရတယ်လို့ အသက် ၈၀ ကျော် အရွယ်အဖွားက ဆိုပါတယ်။ဒါ့အပြင် နွေရာသီရောက်တိုင်း အလုပ်အကိုင်ရှားပါးတာကြောင့် ပိုက်ဆံ တောင်းရမ်းကြတယ်လို့ ဖြေသိမ့်တဲ့အတွေးမျိုးကို လက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဗျတ္တပန်းဆက်လမ်းဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာမှ ကတ္တရာလမ်းခင်းခဲ့တာပါ။ခုဆိုရင်ဒီလမ်းက ကားသုံးစင်းမောင်းလို့ရတဲ့လမ်းဖြစ်နေပါပြီ။ လမ်းမကြီးတစ်လျှောက်လမ်းဘေးဝဲယာမှာ့  ကျေးရွာတွေရှိသလို လမ်းမနဲ့ အလှမ်းကွာဝေးတဲ့ ကျေးရွာတွေလည်းရှိပါတယ်။ လမ်းမတန်းနဲ့ ဝေး ကွားတဲ့ ရွာတွေကတော့ ရာကျော်မကရှိပါတယ်။ဒါကြောင့် တောင်းရမ်းနေသူတွေပပျောက်သွားဖို့ ဆိုရင် ကားပေါ်ကငွေကျဲတဲ့ကိစ္စတွေလုံးဝ ရပ်တန့်သွားဖို့လိုသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း မိမိတို့ရွာအတွက် အမှန်တကယ်အလုပ်လုပ်ကြဖို့လည်းလိုအပ်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ ညောင်ဦးမြို့နယ် မဲဆန္ဒနနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ခိုင်က တော့အခုလိုပြောပါတယ်။

“တစ်ကြိမ်နှစ်ကြိမ်လောက်လည်းဖမ်းပြီးပြီ။အသက်ကြီးသူတွေဆိုတော့ရဲတွေလည်းဖမ်းပြီး ပြန်လွှတ်ရတယ်။ အလုပ်ရှုပ်တယ်။ခုနောက်ပိုင်းပိုဆိုးလာတယ် ပိုက်ဆံမချရင် ကားရှေ့ဖယ်မပေး တာတွေရှိလာတယ်။ ဒါတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကပိုသိတာပေါ့။ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေက ခုချိန်ထိရွာအကျိုးကိုကြည့်ပြီး တကယ့်ကိုခံယူချက်ပြည့်ပြည့်၀၀နဲ့ ဖြစ်ချင်တဲ့အုပ်ချုပ်ရေးမှူးတွေမဟုတ်သေးဘူး။ တချို့ကလည်း အရင်ခေတ်လိုရမယ်ထင်တာလည်းပါသေးတယ်။တကယ်ကိုရွာအကျိုးလုပ်ပေးချင်တဲ့ ရွာမှာလည်းတကယ့်ကို ဦးဆောင်နိုင်မဲ့သြဇာအာဏာရှိမဲ့အုပ်ချုပ်ရေးမှူးတွေဖြစ်ဖို့အချိန်ပေးရအုံး မယ်။အဲ့လိုလူမျိုးတွေမဟုတ်တော့ ရွာလူထုကလည်းမကြောက်ဘူးပေါ့။ ငွေကလည်းသက်သက်သာသာရတော့ အချိန်တန်ရင်လမ်းမထွက်တောင်းကြတယ်၊ခုတော့ ၀န်ကြီးချုပ်ကို ဒီကိစ္စနဲ့ပတ်သက်လို့တင်ပြဖို့ရှိတယ်”။လို့ သူကဆိုပါတယ်။

ခုလို တောင်းရမ်းတဲ့သူတွေများလာတာ ၊အတင့်ရဲလာတာဟာ ဘုရားဖူးကားတွေပိုက်ဆံချတာနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့် ပုပ္ပါး နဲ့ ဗျတ္တလမ်းခွဲအစတွေမှာ ဂိတ်တစ်ခုစီထားဖို့ ၀န်ကြီးချုပ်ထံ တင်ပြပြီး ဒီဂိတ်တွေကနေ လာသမျှကားတွေကို မှတ်တမ်းဓာတ်ပုံတွေ ၊ ဖြစ်စဉ်တွေနဲ့တကွရှင်းလင်းပြကာ ယာဉ်ပေါ်ကနေ ပိုက်ဆံလုံးဝမပစ်ချဖို့ ပြောဆိုတာမျိုးလုပ်သွားမယ်လို့လည်းသူကဆိုပါတယ်။

 

လက်ရှိမှာတော့ ဒီလမ်းမ တစ်လျှောက်တောင်းရမ်းသူတွေဟာ တစ်ယောက်ကို အများဆုံး ၂၀၀၀၀ ၀န်းကျင်လောက်အထိ နေ့တိုင်း ရရှိ နေတယ်လို့ သိရပါတယ်။ဒါကြောင့်လည်း လမ်းမကြီးက စည်ကားနေပါတယ်။တကယ်လို့ ပိုက်ဆံပေးသူသာမရှိတော့ရင် လမ်းမပေါ်မှာတောင်းရမ်းသူလည်းရှိမှာမဟုတ် ဘူးလို့ ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

ဗျတ္တပန်းဆက်လမ်းကတော့ အဘထွက်ပွဲ ၊ ဘုရားဖူးရာသီ ၊ အခါကြီးရက်ကြီး ၊ ဘုရားပွဲတော်ရက်တွေ မှာဆိုရင် လမ်းတစ်လျှောက်လုံးတောက်လျှောက် ကလေး လူကြီး အကုန်တောင်းရမ်းနေပြီး ယခု လတ်တလော မတ်လ ၁၂ ရက်ကနေ ၁၇ ရက်အတွင်းမှာပဲ တစ်ရက်ကို လူပေါင်း ၄၀၀ ၀န်းကျင်လောက် လမ်းမထက်မှာ တောင်းရမ်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဒီအခြေနေဟာ ကားသမားတွေ ရော၊ ပိုက်ဆံတောင်းသူတွေ အတွက်ပါ အလွန်အန္တရာယ်များတဲ့အခြေအနေဖြစ်ပါတယ်။

“ရှေ့ကားတွေပိုက်ဆံချ လူတွေကအတင်းလုကောက်၊ကားနားဝိုင်းအုံ၊နောက်က ကားဘယ်လောက် ဟွန်းတီးတီးဂရုမစိုက်ဘူး။ပွဲတော်ရက်တွေဆို လမ်းမပေါ်ကိုတက်တောင်းတယ်။ကားအနားရပ်လည်း  သိပ်မဖယ်ပေးချင်ဘူး။ကျွန်တော်ဆို ဧည့်သည်တွေကိုပြောပြတယ် ပိုက်ဆံမပေးပါနဲ့ ၊ လမ်းမှာ ပစ်ချ ပေးတာတွေမလုပ်ဖို့ ပေါ့။”လို့ ကားအငှားဝန်ဆောင်မှုလုပ်နေတဲ့စဥ့်ကူမြို့နယ်က ကိုသိန်းစိုးကဆိုပါတယ်။

ဒီလို အန္တရာယ်ကိုမမြင်တော့ဘဲ အလွယ်တကူရနေတဲ့ ငွေနောက်လိုက်မှုတွေကြောင့် ယာဉ်မတော်တဆမှု တွေလည်းဖြစ်ခဲ့ဖူးပါတယ်။ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ နှစ်ဖက်လုံးအတွက် ထိခိုက်နစ်နာမှုတွေရှိစေနိုင်တဲ့အတွက် ဒီအခြေအနေကို ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။

ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် လှူဒါန်းဖို့ လက်မနှေးသူတွေဖြတ်သွားလေ့ရှိတဲ့ဗျတ္တလမ်းပေါ်မှာတော့ အလွယ်လိုက်သူတွေအနေနဲ့ငွေဝင်ပေါက်တစ်ခုဖြစ်လာနေပါပြီ။လှူဒါန်းသူတွေအနေနဲ့လည်း လှူဒါန်းမှုတိုင်းဟာ အဓိပ္ပါယ်ရှိပြီး အကျိုးရှိမရှိဆိုတာကိုတော့  စဉ်းစားချင့်ချိန်ဖို့အပ်တဲ့အခြေအနေဆိုတာ  ဗျတ္တပန်းဆက်လမ်းပေါ်က  ငွေတောင်းနေသူတွေက သက်သေပါပြနေပါတယ်။ ကားပေါ်ကနေ ငွေကျဲလိုက်တဲ့ခဏတာအတွင်း ငွေကိုသည်းကြီးမဲကြီးလုကောက် သူတွေ ဟာနောက်ဘက်ဆီက အရှိန်နဲ့မောင်းနှင်လာတဲ့ ကား အပါဝင် ဆိုင်ကယ်တွေ ရဲ့  အန္တရာယ်တွေ ကို မသိမြင်နိုင်တော့တဲ့အခြေအနေဖြစ်နေချိန်မှာ လှူသူရော အလှူခံတွေအတွက်ပါ စဉ်းစာစရာအခြေအနေတစ်ရပ်ဖြစ်လာနေပါတယ်။ကျွန်မတို့ ဘယ်လိုနေရာမှာလှူမလဲ။

#voiceofmyanmar #ပုဂံ #ဗျတ္တပန်းဆက်လမ်း #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW