မြောက်ဦး-စစ်တွေ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း တချို့  ရပ်နား

မြောက်ဦး၊ ဧပြီ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မြောက်ဦးနဲ့ စစ်တွေမြို့နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတချို့ကို ရပ်နားထားရတာဖြစ်ပါတယ်။

 

အဲ့ဒီယာဉ်လိုင်းတွေဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းကို အဓိကအသုံးပြုပြေးဆွဲနေကြတာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ခရီးသွားတွေအနေနဲ့ ကားလမ်းကိုအသုံးပြုသွားလာသူတွေ နည်းပါးနေတာကြောင့် ကားလိုင်းတစ်ချို့ကို အခုလိုရပ်နားထားရတာဖြစ်ပါတယ်။

“လိုင်းကားတွေကိုသွားလာမှု ပိတ်ထားတာတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကားသမားတွေစိုးရိမ်ပြီးတော့မသွား ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တွေနဲ့မြောက်ဦးကြားမှာ တော်တော်များများပစ်ခတ်မှုတွေရှိနေတယ်။ ဒါကြောင့် စိုးရိမ်ပြီးတော့ ရပ်နားထားတာပါ။ အခြေအနေအရတော့ တချို့ကားတွေထွက်တယ်။ တချို့ဆိုလည်း လုံးဝရပ်ထားပါတယ်။”လို့ ကားသမားတစ်ဦးကပြောပါတယ်။

 

အခုလို စစ်တွေ-မြောက်ဦးပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းငယ်တွေဟာ ပြီးခဲ့တဲ့မတ်လ အစောပိုင်းကနေ ရပ်နားခဲ့ရတာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ရေလမ်းကိုအသုံးပြုမှုများပြားနေတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က ကားနဲ့ဘာလို့မသွားလဲဆိုတော့ စိုးရိမ်လို့ပါ။ အဲ့ဒီကျောက်တော်မြို့နယ်မှာက စစ်တပ်တွေကိုဖြတ်ပြီးသွားရတယ်။ အဲ့ဒီနားမှာ အမြဲတမ်းလိုလို ပစ်ခတ်တာတွေရှိတယ်။ တစ်ခါတစ်ခါဆိုရင် အမြှောက်ကြီးတွေနဲ့ ပစ်တာတွေကိုတွေ့ရတော့ မသွားရဲတော့ဘူး။ ဒါကြောင့် ရေလမ်းကပဲ သွားလာနေတာဖြစ်ပါတယ်။”လို့ မြောက်ဦးဒေသခံခရီးသည်တစ်ဦးကပြောပါတယ်။

 

ဒါ့အပြင် တချို့ယာဉ်လိုင်းကြီးတွေနဲ့ ရန်ကုန်-စစ်တွေ၊ မန္တလေး-စစ်တွေစတဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေကတော့ ပြေးဆွဲနေကြတာဖြစ်ပါတယ်။

 

#voiceofmyanmar  #ကျောက်တော် #မြောက်ဦး #စစ်တွေ #ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း

ဓါတ်ပုံ – ကျောက်တော်မြို့နယ် ဝါးတောင် ကားဂိတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW