မင်းတုန်း ဧပြီ ၃-၂၀၁၉
ဂျန်ကိုးလ်(VOM)
မကွေးတိုင်း မင်းတုန်းမြို့နယ်က ရူချောင်းအဖျားမှာ တရားမ၀င်ကျွန်းသစ် စကွဲယားတုံး (လေးထာင့်တုံး) အလုံး၈၀ခန့်နဲ့အတူ သစ်တင်ကား တူးကရောင်း သစ်တစ်စီးကို မတ်လ၂ရက်နေ့လယ်က ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ မင်းတုန်းမြို့ အမှတ်၁ မဲဆန္ဒနယ်မြေ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းထံကသိရပါတယ်။
“ဒေသခံပြည်သူတဦးကသတင်းပေးလို့ ကျနော်နဲ့ထွေအုပ်ကဒုဦးစီးမျိုးမင်းထွန်း သစ်တောနဲ့ရဲ နောက် ကျနော်တို့မြို့နယ်ပါတီက အီးစီကိုကျော်မင်းဦးကို အဖေါ်ခေါ်တက်ရတာ ကျေးရွာတွေနဲ့မိုင်၂၀လောက်ဝေးတယ် ။ ဟိုဘက်မြို့နယ်(ကံမ)ဘက်ကိုထုတ်တာ ။ ကားကပျက်ကျန်ခဲ့တာ လမ်းကဖုန်နေတာဘဲ”လို့ မကြာခဏသစ်ဖမ်းရာမှာပါခဲ့တဲ့ ဦးတင်ဝင်းကပြောပြပါတယ်
သတင်းအရကျန်နေသေးတဲ့ သစ်တွေကိုဆက်လက်ရှာဖွေရဦးမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ အခုဖမ်းမိတဲ့နေရာဟာ သစ်တောဦးစီးဌာနရဲ့ စီးပွားဖြစ် ကျွန်းစိုက်ခင်းနဲ့လည်း မဝေးဘူးလို့ဒေသခံတွေကပြောပါတယ် ။ စီးပွားဖြစ် ကျွန်းစိုက်ခင်းကို အုပ်ချုပ်ထောက်ပံ့မှု လွယ်ကူစေရန် ကားလမ်းဖောက်တာကို ဦးဆောင်ကန့်ကွက်ခဲ့တဲ့ စပါးတန်း ဆည်ကော်မတီဥက္ကဋ္ဌ ဦးဌေးလွင်ပြောတာက
“ကျနော်တို့ရွာရဲ့ မိုးရာသီစိုက်ပျိုးရေ အတွက်တည်ဆောက်ထားတဲ့ဆည်ဘေးက ကပ်ဖောက်တာဆည်ပျက်မှာစိုးတယ် နောက်ပီးမကြာခင်သစ်ခိုးလမ်းဖြစ်မှာစိုးရိမ်တယ်”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်န၀ါရီလကလည်း မင်းတုန်းမြို့နယ် နိမိတ်ထိစပ်တဲ့ ကံမမြို့နယ်မှာ စံချိန်တင် ကျွန်းသစ်တွေ တန်၂၀၀ခန့်ဖမ်းမိခဲ့ပြီး အဲဒီက တာဝန်ရှိ တောအုပ်ကို သစ်ပိုထွက်တဲ့ မင်းတုန်းမြို့ကို ပြောင်းရွှေ့တာဝန်ချခဲ့တယ်လို့ တိုင်းလွှတ်တော်မှာသစ်နဲ့ပတ်သက်တဲ့မေးခွန်းရှင် ကံမမြို့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအမေးကို သယံဇာတ၀န်ကြီးဦးမြင့်ဇော်က ဖြေကြားခဲ့ပါတယ်။
မတ်လအတွင်းမှာတင် မင်းတုန်းမြို့နယ် တောင်ဘက်ခြမ်းမှာ တရားမဝင်သစ် ၁၀ တန်ကျော်ဖမ်းမိခဲ့ပေမယ့် ပိုင်ရှင်ကိုတော့ ဖမ်းမမိခဲ့ဘူးလို့ သိရပါတယ်။
#voiceofmyanmar #ကံမ #မင်းတုန်း #ပိုင်ရှင်မဲ့သစ်