လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး စရဖ အဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ကိုယ်စားလှယ်တွေရဲ့အမေး ကာကွယ်ရေးဒုဝန်ကြီးဖြေ

နေပြည်တော်၊ မေ-၁၀-၂၀၁၉

ဒီပ(နေပြည်တော်)

 

 

လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ(စရဖ)၏ ဆောင်ရွက်ချက်များဟာ လွတ်လပ်မှုကို ချိုးဖောက်ရာမရောက်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားလိုက်ပါတယ်။

 

 

မေလ(၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော့သောင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကနေ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ်မှာ  စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ညီညွှတ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

 

ဦးခင်ဇော်က “ကာကွယ်ရေးဝန်ကြီးဌာဘက်ကနေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တယ်လို့ပြောပါတယ် ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ မေးမြန်းတဲ့အခါမှာ နာမည်ပဲပြောပြီး ကိုယ်ပိုင်နံပတ်မပြောပါဘူး အဲ့ဒါက ပွင့်လင်းမြင်သာစွာ ရှိမရှိဆိုတာ ၀န်ကြီးအနေနဲ့ ဖြေကြားလို့ရရင် ဖြေကြားပေးပါ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

 

“အဓိကက လူသိရှင်ကြား ဆောင်ရွက်ခြင်းကိစ္စဖြစ်ပါတယ် ကိုယ်စားလှယ်တော်ကြီးအနေနဲ့ သတင်းမီဒီယာတွေကို ကိုယ့်ကိုလိုက်မေးတဲ့သူတွေကို ဘယ်သတင်းဌာနက လိုက်မေးတာလဲလို့ မေးမြန်းခြင်း ရှိပါသလား ဒီကိစ္စက ကိုယ်စားလှယ်တော်ကြီးတို့အနေနဲ့ ဥပဒေတိုင်းမှာဆောင်ရွက်တဲ့ ကိစ္စတိုင်းအပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမလိုပါဘူး ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဒီဟာ တရားဥပဒေနဲ့အညီ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ကြောင်း ဥပဒေနဲ့အညီ စုံစမ်းထောက်လှမ်းခြင်းဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ချိုးဖောက်ရာမရှိပါ”လို့ ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

 

တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လူထုအခြေပြု ဆောင်ရွက်ချက်များနဲ့ အစိုးရအဖွဲ့အစည်းများရဲ့ ဖိတ်ကြားမှုကြောင့် အစည်းအဝေး တက်ရောက်မှုများကို ဥပဒေနဲ့ ညီညွှတ်မှုမရှိဘူးလို့ သတ်မှတ်လိုက်မည်ဆိုပါက စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်များသာမက အခြားသတင်းရယူသူအားလုံးပါ အကျုံးဝင် သက်ရောက်သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါတယ်လို့လည်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

 

 

ပုလဲမဲဆန္ဒနယ် ဒေါ်ခင်စန်းလှိုင်က “ ပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်နဲ့ မေးမြန်းစရာရှိရင် ကိုယ်စားလှယ်ကို တိုက်ရိုက်မေးမြန်း ပြောဆိုခြင်းက ပိုပြီးတော့သင့်တော်ပါတယ် အခုလိုမျိုးဖြေကြားတာကတော့ ၀န်ကြီးအနေနဲ့ မေးတဲ့မေးခွန်းကတစ်မျိုး ၀န်ကြီးဖြေသွားတဲ့အဖြေက တစ်ခြားဆီဖြစ်နေတယ်”လို့ ပြောဆိုခဲ့ပါတယ်။

 

၎င်းကိစ္စရပ်များအတွက် သတင်းရယူခြင်းမှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ဆန့်ကျင်ချိုးဖောက်တယ်လို့ ဆိုနိုင်မှာမဟုတ်ပဲ အများပြည်သူနဲ့အတူ ပွင့်လင်းမြင်သာစွာနဲ့ သတင်းရယူခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့ပါတယ်။

 

 

#voiceofmyanmar  #စရဖ #ကာကွယ်ရေးဝန်ကြီးဌာန #လွှတ်တော်ကိုယ်စားလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW