ပြည်မြို့မှာ  စပါးဈေးကျ စိုက်စရိတ်မကျေလို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေမဆပ်နိုင်သူတွေ စိုးရိမ်နေ

ပြည် မေ-၁၁ -၂၀၁၉

ဂျန်ကိုးလ် ( VOM)

 

ပြည်မြို့နယ်မှာပြီးခဲ့နှစ်မိုးရာသီက စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရေးအတွက်တောင်သူတွေကို စည်းရုံးနှိုးဆော်မှုတွေပြုလုပ်နေရတယ်လို့  ပြည် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲကသိရပါတယ်။

 

 

”၂၀၁၇ က မိုးရာသီစိုက်ပျိုးစရတ်ကြွေးကျန် ကျေးရွာအုပ်စု ၄၃အုပ်စုကတောင်သူ၇၁၅မှာ ကျပ်သန်းပေါင်း ၄၈၀.၂၆၀သန်းကျန်ပါတယ်။  ၂၀၁၈ မိုးမှာ ကျေးရွာ ၅၉အုပ်စုက တောင်သူ၇၄၁၃ဦးမှာ ကျပ်သန်းပေါင်း ၅၅၈၂.၇၉၀သန်းကျန်ပါတယ်။ဒါတွေကိုပြန်ဆပ်ဖို့  နည်းမျိုးစုံစည်းရုံးရေးနည်းနဲ့ ကျေးရွာတွေကိုရှင်းပြနေရပါတယ်”လို့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်ဗေဒါရီက ရှင်းပြပါတယ်။

 

 

၂၀၁၉ မိုးအတွက်မေလ၇ရက်နေ့က ပြည်မြို့နယ်အတွင်းရှိ ဇလုံကျေးရွာအုပ်စုကတောင်သူလယ်သမား၂၈ ဦးကို၆၇သိန်း၅သောင်းထုတ်ချေးထားပြီး ဒီနှစ်၂၀၁၉မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုကျပ်သိန်းပေါင်း ၈သောင်း၈ထောင် ထုတ်ချေးဘို့လျာထားတယ်လို့သိရပါတယ်၊

 

”ခုလောလောဆယ်တော့မဆပ်နိုင်သူတွေကို အရေးယူဆောင်ရွက်ဘို့ညွှန်ကြားထားတာမရှိပါဘူး ပြန်ဆပ်နိုင်အောင်ဆပ်အောင်စည်းရုံးဆွဲဆောင်ဘို့ဘဲလုပ်ဆောင်နေပါတယ်”လို့ဘဏ်ခွဲမန်နေဂျာဒေါ်ဗေဒါရီကပြောပါတယ်။

 

အခုနွေစပါးတွေပေါ်ချိန်မှာ စပါးဈေးက တတင်းလေးထောင်ကျော်ကို ဝယ်သူမရှိဖြစ်နေပြီး အရှုံးနဲ့ဆက်လက်ရင်ဆိုင်နေရကာအကြွေးမကြေရခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။

 

”ကြွေးကျန်ရင်တောင်သူတွေကိုဘဲအပြစ်မြင်ကြတာနဂိုကတည်းက မပြေလည်တာ အခုဆိုပိုဆိုးတာပေါ့ သွင်းအားစုက စလာကတည်းက ရေသွင်းစရိတ် ၊စက်ဘိုး ၊မြေသြဇာ ၊ ပိုးသတ်ဆေးဖိုး၊ လုပ်သားစရိတ်၊  ရိတ်သိမ်းခ အကုန်ပိုက်ဆံနဲ့ငှါးရတာ အရင်ခေတ်က သူ့လယ်ကိုယ့်လယ် လက်စားလိုက်လို့ရတယ် ကောက်စိုက်သမစည်းအဖွဲ့နဲ့ ခုကအကုန်လုံးစက်နဲ့အငှါးဘဲ စပါးကဈေးမကောင်းတော့အရှုံးပေါ်ဖြစ်ရော”လို့သပြေပင်အင်းကျေးရွာက ကိုမျိုးဌေးကပြောပါတယ်။

 

စိုက်ပျိုးစရိတ်ချေးငွေများကိုနှစ်စဉ် မေလကနေ စက်တင်ဘာလအထိ စိုက်ဘဏ်ကချေးပေးနေပြီး ပြည်ခရိုင်အတွင်းက သဲကုန်းမြို့မှာတော့၂ ၀၁၅က တောင်သူတချို့ကို ကြွေးမဆပ်နိုင်လို့တရားစွဲဆိုတာတွေရှိခဲ့ဘူးတာအပြင် တချို့အကြွေးမကျေလို့ ကိုယ့်ကိုယ်ကို သတ်သေတာတွေလည်းရှိခဲ့ပါတယ်။ ခုလတ်တလော စိုက်ဘဏ်က ပြန်ဆပ်ဖို့တောင်းဆိုနေတာကြောင့် ဆပ်စရာတကယ်မရှိတဲ့ ဒေသခံတောင်သူတွေ စိုးရိမ်နေကြကြောင်းပါ။

 

#voiceofmyanmar  #ပြည် #စိုက်ပျိုးရေးဘဏ်  #မိုးစပါး #စိုက်စရိတ်ချေးငွေ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW