ကသာ – မေ-၁၉ -၂၀၁၉
နိုင်ကြီး- ကသာ(VOM)
စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ကသာမြို့နယ်ကမြစ်/ချောင်းတွေအတွင်း သဘာဝအတိုင်းနေထိုင်သွားလာနေကြတဲ့ရေချိုငါးတွေကိုငါးရစ်ငါးသန်သားပေါက်ကာလမှာဖမ်းဆီးခြင်းရောင်းဝယ်ဖောက်ကားခြင်းတို့မပြုလုပ်ကြရန်ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနကထုတ်ပြန်ကြေငြာထားတယ်လို့သိရပါတယ်။
ငါးရစ်ငါးသန်သားပေါက်ကာလဖြစ်တဲ့မေလ(၁)ရက်နေ့မှဇူလိုင်လ(၃၁)ရက်နေ့အတွင်းမှာမြစ်ချောင်းတွေထဲနေထိုင်သွားလာနေကြတဲ့မည်သည့်ငါးမျိုးစိတ်ကိုမဆိုမည်သည့်ငါးဖမ်းကိရိယာနှင့်မျှဖမ်းဆီးခြင်း၊ရောင်းဝယ်ဖောက်ကားခြင်း၊ပါဝင်ခြင်း၊အားပေးကူညီခြင်းများမပြုကြစေဖို့တာဝန်ရှိသူများကရေလုပ်သားများနှင့်ငါးရောင်းသည့်ဈေးသည်များကိုမေလအတွင်းစတင်ကာလိုက်လံအသိပညာပေးနေပါတယ်။
“ မြစ်/ချောင်းများသဘာဝရေပြင်များမှာမျိုးဥတို့နှင့်ပြည့်ဝနေတဲ့ငါးမများနဲ့မျိုးရည်များပြည့်လျှံနေတဲ့ငါးထီးတွေကိုဖမ်းဆီးရောင်းချလိုက်မယ်ဆိုရင်ဖြင့်သိန်းပေါင်းထောင်သောင်းချီမကတဲ့ငါးသားပေါက်တွေကို ရရှိတော့မှာမဟုတ်ပါဘူး။ဆုံးရှုံးသွားနိုင်ပါတယ်။ ငါးရောင်းချသူတွေအနေနဲ့ အခုလိုငါးရစ်ငါးသန်ကာလမှာမွေးမြူရေးငါးတွေကိုပဲရောင်းချပြီး သဘာဝရေချိုငါးတွေကိုဝယ်ယူရောင်းချတာမျိုးမလုပ်ရင်နောင်နှစ်တွေမှာရေချိုငါးတွေပေါပေါများများပိုမိုရောင်းချရမှာဖြစ်ပါတယ်´´ လို့ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးဦးတင့်လွင်ကပြောပါတယ်။
ဧရာဝတီမြစ်နဲ့စီးဆင်းနေတဲ့ချောင်းတွေမှာနည်းမျိုးစုံသုံးပြီးငါးဖမ်းဆီးမှုတွေအပြင်တရားမဝင်လျှပ်စစ်ရှော့ခ်တိုက်ဖမ်းဆီးမှုတွေရှိနေတာကြောင့်ရေချိုငါးသယံဇာတတွေတဖြည်းဖြည်းလျော့နည်းလာတာကိုကာကွယ်ဖို့အတွက်သက်ဆိုင်ရာကငါးသားပေါက်မျိုးစုံကိုနှစ်စဉ်နှစ်တိုင်းသိန်းချီတဲ့အကောင်အရေအတွက်တွေကိုမြစ်ချောင်းတွေအတွင်းထည့်သွင်းပေးနေရတယ်လို့သိရပါတယ်။
#voiceofmyanmar #ငါးရစ်ငါးသန်း #ရေချိုငါး #ငါးသားပေါက်