ကုန်​သည်​များမှ သတ်​မှတ်​​ဈေး​အောက်​ နှိမ်​ချဝယ်​ယူ​နေသည်​ဆိုကာ ​တောင်​သူများ ဆန္ဒထုတ်​​ဖော်

ဇီးကုန်း​ ​မေ ၂၄ – ၂၀၁၉

မိုးယံ (VOM)

 

ဆန်ကုန်သည်များအနေနဲ့ မြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်က သတ်​မှတ်​ထား​တဲ့ စပါးဈေး ငါးသိန်း ​ဈေး​အောက်​ နှိမ်​ချဝယ်​ယူနေတာကြောင့် ကျေနပ်မှုမရှိလို့ဆိုပြီး တောင်သူငါးရာလောက်ဟာ ဒီနေ့ မနက်က ဇီးကုန်းမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

“ကျမတို့လယ်သမားတွေမှာ စပါး ၅၀/၅၁ ပေါင် ကို ၄၂၀၀၀၀ ကျပ်နဲ့ ရောင်းချနေရတယ်။ အဲဒီအတွက် လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနိမ့်ကျခဲ့တယ်။ ကလေးတွေ ပညာရေးမှာလည်း အခက်တွေ့နေရပါတယ်။ လယ်တစ်ဧကကုန်ကျငွေက ၃၂၀၀၀၀ ကျပ် ဆိုတော့ အရှုံးပေါ်နေပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။” လို့ ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းရွာ တောင်သူ မမာလာအောင်က ပြောပါတယ်။

 

တောင်​သူလယ်​သမားများအား ဂုတ်​​သွေးစုပ်​ အမြတ်​ထုတ်​​နေ​သော ကုန်​သည်​ကြီးများရဲ့လုပ်​ရပ်​များ အလိုမရှိ၊ နိုင်​ငံ​တော်​မှ သတ်​မှတ်​ထား​သော ကြမ်းခင်း​ဈေး ငါးသိန်း​အောက်​ ​လျော့ဝယ်​​နေ​သော ကုန်​သည်​ကြီးများ အလိုမရှိ၊ နိုင်​ငံ​တော်​အစိုးရမှ သတ်​မှတ်​ထား​သော စပါး​ဈေးနှုန်း ရရှိ​ရေး၊ တောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ဒို့အ​ရေး ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

မနက်​ ၉နာရီက​နေ ​နေ့လည်​၂ နာရီအထိ ဇီးကုန်းမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ပန်းခြံ​ရှေ့ကနေ  ရန်​ကုန်​-ပြည်​ ကားလမ်းတစ်​​လျှောက်​ လမ်း​လျှောက်ချီတက်ခဲ့ကြတာ ဖြစ်​ပါတယ်​။

 

“​တော်​​တော်​အရှုံးပေါ်​နေပါတယ်​။ ​တောင်​သူ​တွေမှာ ဘဏ်​ဆပ်​ဖို့ ခက်​ခဲ​နေပါတယ်။ လူမှုရေး၊ စီးပွား​ရေး အခက်​အခဲနဲ့ ကြုံ​တွေ့​နေရလို့ ကျ​​နော်​တို့​တောင်​သူ​တွေဘက်​က ရပ်​တည်​​ဖြေရှင်း​ပေး​စေချင်​ပါတယ်။” လို့ နတ္တလင်းမြို့နယ်​ ဓမ္မကျအုပ်​စု သဲဖြူရွာကတောင်သူ ဦးမင်း​နောင်​က​ ပြောပါတယ်​။

 

ပြီးခဲ့တဲ့ ​မေလ ၁၇ ရက်​က ​ဒေသခံ​တောင်​သူ​တွေဟာ ပဲခူးတိုင်း​အစိုးရနဲ့ မြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်ကို စာတင်​​တောင်းဆိုထားပြီး တစ်​ပတ်​အကြာမှာ အခုလို ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ ။

 

မေလ ၁၈ ရက်​​ကလည်း ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ စာအမှတ်​(၂/၂၀၁၉)နဲ့ လက်​ရှိဖြစ်​​ပေါ်​နေတဲ့ ​တောင်​သူအခက်​အခဲများကို အစိုးရ (သက်​ဆိုင်​ရာ ဝန်​ကြီးဌာနများ)အ​နေနဲ့ အသင်းအဖွဲ့၊ ကုန်​သည်၊​ လုပ်​ငန်းရှင်​၊ ပညာရှင်​များရဲ့ဝိုင်းဝန်းကူညီမှုနဲ့ အမြန်​ဆုံး တာဝန်​ယူ​ဖြေရှင်း​ဆောင်​ရွက်​​ပေးဖို့ တိုက်​တွန်းပါတယ်ဆိုတဲ့ သ​ဘောထား​ကြေငြာချက်​တစ်စောင် ထုတ်​ပြန်​​ခဲ့ပါတယ်​။

 

#voiceofmyanmar #သတ်မှတ်ဈေးအောက်နှိမ်ဝယ်လို့တောင်သူများဆန္ဒထုတ်ဖော် #ဆန်စပါး #ပဲခူး #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW