ဝန်ကြီးဌာနအလိုက် ၀န်ထမ်းများ အရေးယူခံရမှု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန အများဆုံး

နေပြည်တော်၊မေ -၂၄ – ၂၀၁၉

ဒီပ(နေပြည်တော်)

 

ဝန်ကြီးဌာနများအလိုက် ၀န်ထမ်းများအရေးယူခံရမှုမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အများဆုံးဖြစ်နေတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သိရပါတယ်။

 

“အများဆုံးအရေးယူခံရတာက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပါ။ အားလုံးပေါင်း ၈၃၀ ဦး ရှိပါတယ်။ သူကတော့ ပထမချိတ်တယ်ပေါ့။ အများဆုံးအရေးယူခံရမှုက ခွင့်မဲ့ပျက်ကွက်မှုက ၈၂၆ ဦး ရှိပါတယ်။” လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောပါတယ်။

 

ဒါ့အပြင် ၀န်ထမ်းစည်းကမ်းဖာက်ဖျက်မှု၊ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တာဝန်ပျက်ကွက်မှု၊ အကျင့်စာရိတ္တ ပျက်ပြားမှု တွေနဲ့ အရေးယူခံခဲ့ရတာတွေလည်း ပါဝင်ပြီး တရားဥပဒေဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၆ အရ ထုတ်ပယ်တာတွေလည်း ရှိခဲ့ပါတယ်။

 

မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သတင်းမီဒီယာများရဲ့မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

 

ဒုတိယ အများဆုံး အရေးယူခံရတာက ပြည်ထဲရေးဝန်ကြီးဌာနဖြစ်ပြီး စုစုပေါင်း ၃၆၄ ဦး၊ တတိယကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဖြစ်ပါတယ်။

 

ဝန်ကြီးဌာန စုစုပေါင်း ရှစ်ခုရှိပြီး တနှစ်အတွင်း ရာထူးကထုတ်ပယ်တာ ၁၆၃၈ ဦး၊ ၀န်ထမ်းအဖြစ်က ထုတ်ပယ်တာ ၇၃၉ ဦးရှိပါတယ် စုစုပေါင်း ၂၃၇၇ ဦး ရှိခဲ့တယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ၊ နည်းဥပဒေပုဒ်မများအရ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းများမှ ၀န်ထမ်းတွေကို ရာထူးကထုတ်ပယ်ခံတာ၊ ၀န်ထမ်းအဖြစ်က ထုတ်ပယ်ခံတာတွေကို ဘဏ္ဍာရေးနှစ်အလိုက် အစီရင်ခံစာပြုစုပြီး ပြည်ထောင်စုအစိုးရရုံးအဖွဲ့ကို တင်ပြရတာဖြစ်ပါတယ်။

 

#voiceofmyanmar #၀န်ထမ်းအရေးယူခံရမှုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအများဆုံး #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW