ကမ္ဘောဇဘဏ်မှာလုပ်ထားတဲ့ စုငွေဘဏ်စာအုပ်မှာ သိန်းငါးရာဝန်းကျင် စာရင်းလျော့နေလို့ ရှင်းလင်းပွဲပြုလုပ်

မုံရွာ၊ မေ ၂၇ – ၂၀၁၉

ရန်နိုင်စိုး(VOM)

 

မုံရွာမြို့ ကမ္ဘောဘဏ်မှာ ဘဏ်စာအုပ်နဲ့ အပ်နှံထားတဲ့ ငွေပမာဏထဲက သိန်းငါးရာ ဝန်းကျင် စာရင်းလျော့နည်းသွားတဲ့အပေါ် ဘဏ်စာအုပ်ပိုင်ရှင်ဟာ ဒီနေ့မနက်က မုံရွာမြို့ ချင်းတွင်းအင်စတီကျူ့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

ဘဏ်စာအုပ်ပိုင်ရှင်ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံသွင်ကျေးရွာနေထိုင်သူ ဦးကိုဦး ဆိုသူဖြစ်ပြီး ဘဏ်ငွေစုစာအုပ်ထဲမှာ ၅ ကြိမ်တိတိငွေသွင်းခဲ့ရာ စုငွေ ငွေသားအရင်း သိန်း ၈၉၀ ကျော်နဲ့ ဘဏ်တိုးပါပေါင်းရင် သိန်း ၉၀၀ ကျော် ရှိရမှာဖြစ်ပေမယ့် ယခုအခါ ၄၂၂ သိန်းကျော်သာ ကျန်ရှိနေတဲ့အတွက် နစ်နာမှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်တာလို့ ဆိုပါတယ်။

 

“ဧပြီလက သွင်းဖို့ထုတ်ဖို့ ပြန်ကြည့်လိုက်တဲ့အခါမှာ ငွေသိန်း ၅၀၀ ကျော် ခင်ဗျားထုတ်ထားပါတယ်လို့ ပြောတယ်။ အဲ့ဒီအချိန်ကျမှ ကျနော် မထုတ်ဘဲနဲ့ ကျနော့်စာအုပ်ထဲမှာလဲ မရှိဘူး၊ စာအုပ်လဲ ဘယ်မှမထားဘူး ၊ ဘယ်မှမပျောက်ဘူး၊ မှတ်ပုံတင်လဲ ဘယ်မှမပျောက်ဘူး။ လိုင်စင်လဲ ဘယ်မှမပျောက်ဘူး၊ အဲ့ဒီကြားထဲက ကျနော့်စာအုပ်နဲ့ထုတ်တယ်ဆိုတာ ဘယ်လိုဖြစ်တာလဲမေးတော့ အချိန်စောင့်ဆိုင်းပေးပါအုံး ဖြေရှင်းပေးပါမယ်လို့ ပြောလိုက်တယ်။ ” လို့ ငွေစုဘဏ်စာအုပ်ပိုင်ရှင် ဦးကိုဦးက ပြောပါတယ်။

 

အခုလို စာရင်းစာအုပ်ထဲက ငွေပမာဏလျော့နည်းသွားတာကို လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်က ဘဏ်ငွေသွားထုတ်တဲ့အချိန်မှ သိရတယ်လို့ ဦးကိုဦးက ဆိုပါတယ်။ အဲဒီနောက် မုံရွာ ကမ္ဘောဇဘဏ် (၁) က မန်နေဂျာကို မေးမြန်းခဲ့ရာမှာ မတ်လ ၁၉ ရက်က မန္တလေးမြို့ ကမ္ဘောဇဘဏ်ခွဲ ၄၂ မှာ ငွေ သိန်း ၅၅၀ နောက်ဆုံးထုတ်ယူသွားတဲ့အကြောင်း ဘဏ်စာအုပ် မှတ်တမ်းစစ်ဆေးတွေ့ရှိမှုအရ သိရတယ်လို့ ဆိုပါတယ်။

 

ဒါပေမယ့် မိမိအနေနဲ့ ထုတ်ယူခြင်းမရှိသလို စာအုပ်နဲ့ မှတ်ပုံတင်ကလည်း မိမိတို့ လက်ဝယ်မှာပဲ ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ရာမှာ ရုံးချုပ်နဲ့ ဆက်သွယ်ပြီး ထပ်မံစစ်ဆေးပေးမယ်ပြောဆိုခဲ့ပေမယ့် အချိန်ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

 

အခုလို ငွေပမာဏစာရင်း လျော့နည်းဆုံးသွားတဲ့ ကိစ္စကို ရဲစခန်းမှာ တိုင်တန်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုံရွာ ကမ္ဘောဇဘဏ် (၁) က မန်နေဂျာ ဒေါ်ကြူကြူလွင်ကိုလည်း အလွဲသုံးစားမှု ပုဒ်မ ၄၀၆ နဲ့ မေလ ၂၀ ရက်က မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဦးကိုဦးက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သတ်ပြီး မုံရွာမြို့ကမ္ဘောဇဘဏ်(၁) မန်နေဂျာ ဒေါ်ကြူကြူလွင်ကို သွားရောက်မေးမြန်းရာ ” စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဆက်လက် ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

#voiceofmyanmar # ကမ္ဘောဇဘဏ်စာအုပ်မှာသိန်းငါးရာဝန်းကျင်စာရင်းလျော့လို့ရှင်းလင်းပွဲလုပ် #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW