တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေ

နေပြည်တော်၊ မေ ၂၇ – ၂၀၁၉

ဒီပ(နေပြည်တော်) (VOM)

 

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။

 

မြန်မာ့စီးပွားရေးဦးပိုင်မှာ ရှိနေတဲ့လုပ်ငန်းများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှာရှိနေတဲ့ လုပ်ငန်းများ လုပ်ကိုင်တဲ့အခါမှာ နိုင်ငံတော်ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ချပေးထားတဲ့ မူဝါဒတွေအတိုင်း လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး မိမိတို့အနေနဲ့ မည်သည့်ကိစ္စကိုမျှ ကျော်လွန်ကာ လုပ်လို့မရသလို နောက်လုပ်မယ့်လုပ်ငန်းရဲ့ ပရိုဂျူဆာတွေအတွက်လည်း ခွင့်ပြုချက်တွေ ရယူပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ပိုင် တရားဝင် စီးပွားရေးလုပ်ငန်း စုစုပေါင်း အရေအတွက်နဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုက အရက်၊ ဘီယာ၊ စီးကရက်၊ ကျောက်မျက်လုပ်ငန်းတွေကို အခွန်ဆောင်ဖို့မလိုဘဲ အခွင့်ထူးခံနေကြောင်း စွပ်စွဲချက်တွေ ရှိနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်ချင်ပါသလဲလို့ သတင်းထောက်တဦးက မေးမြန်းခဲ့ရာမှာ ပြောဆိုခဲ့တာပါ။

 

“တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းကြီးက လုပ်ငန်းကြီး နှစ်ခုရှိပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီဆိုပြီး နှစ်ခုရှိပါတယ်။ အဲ့ဒါလည်း ကျနော်တို့ ခဏခဏပြောပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က တပ်မတော်သားတွေနဲ့ ၎င်းတို့၏ မှီခိုနေသူ သားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနဲ့ ၎င်းတို့၏ မှီခိုသူမိသားစုများ သက်သာချောင်ချိရေး၊ ပြည်သူလူထု သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေရေးအပြင် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေးဆိုပြီးတော့ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပဲ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”လို့ ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောပါတယ်။

 

ဒါ့အပြင် တပ်မတော်အနေနဲ့ လုပ်ငန်းကြီးတွေ လုပ်ကိုင်နေတဲ့အခါ နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ အထောက်အကူပြုနိုင်ပါသလား ဒါမှမဟုတ် အခက်အခဲ ဖြစ်စေနိုင်ပါသလားလို့ မီဒီယာက ထပ်မံမေးမြန်းရာမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ရည်ရွယ်ချက်ဟာ မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ပြီး အထောက်အကူဖြစ်စေဖို့၊ တပ်မတော်ရဲ့ အသုံးစရိတ်တွေကို လျော့နည်းသက်သာစေဖို့၊ တပ်မတော်အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးနိုင်ဖို့၊ တပ်မတော်သားများရဲ့ မိသားစုဝင်တွေ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်ဖို့နဲ့ တပ်မတော်အတွက် အခြားလိုအပ်တဲ့ ကိစ္စရပ်တွေမှာ ဆောင်ရွက်ပေးနိုင်ဖို့ ဆိုပြီး ဆောင်ရွက်နေတယ် လို့လည်း ဆိုခဲ့ပါတယ်။

 

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး  အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရဲ့ ၃၀.၃.၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၁၆ အရ ပြောင်းလဲခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

 

#voiceofmyanmar #တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတော်မူဝါဒ၊လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေ #အမြဲတမ်းအတွင်းဝန်ပြော #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW