ရခိုင်စစ်ရှောင်စခန်းတွေက လူဦးရေးလေးသောင်းနီးပါးမှာ ကျောင်းသားငါးထောင်ခန့်ရှိနေပြီး ပညာသင်ကြားနိုင်ရေးအတွက် ခက်ခဲနေ

စစ်တွေ၊ မေ ၂၈ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၄ သောင်းနီးပါးရှိနေပြီး အဲ့ဒီထဲမှာ ပညာသင်ကျောင်းသားဦးရေ ၅၀၀၀ နီးပါး ပါဝင်နေတာ ဖြစ်ပါတယ်။

 

အဲ့ဒီကလေးငယ်တွေကို အစိုးရက ပညာသင်ကြားပေးဖို့အတွက် စီစဉ်နေတယ်ဆိုပေမယ့် ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲမှု မရှိသေးဘူးလို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

 

“ကျေးရွာပေါင်း ရာနဲ့ချီပြီးတော့ ထွက်ပြေးလာခဲ့ကြတာပါ။ အဲ့ဒီမှာ ဆရာတွေက စာသင်ကြားပေးဖို့ အဆင်မပြေသလို စခန်းတွေမှာလည်း အဆောက်အဦးတွေမရှိဘူး။ နောက်ပြီးတော့ အစိုးရကလည်း စာသင်ပေးဖို့ဆိုပြီး ပါးစပ်ကပဲပြောနေတာပါ။ စီမံခန့်ခွဲမှုဆိုတာ မရှိသေးဘူး။ အဲ့ဒီအတွက်ရင်လေးစရာတွေ ဖြစ်နေတယ်။”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

 

ဒါပေမယ့် အဲ့ဒီစစ်ဘေးရှောင်ကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ရေးနဲ့ ပတ်သက်လို့ စခန်းတွေမှာ နေထိုင်နေကြတဲ့ ကလေးငယ်တွေကို စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပြီး စခန်းပေါင်း ၇၀ နီးပါးက ကျောင်းသားဦးရေ ၄၅၀၀ ကျော်အတွက် စီစဉ်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက သိရပါတယ်။

 

“လောလောဆယ်မှာတော့ ဒီကလေးတွေကို ကျောင်းတွေမှာပဲ စာသင်ကြားပေးဖို့အတွက် လျာထားပါတယ်။ အကယ်၍များ စခန်းထဲမှာ စာသင်ဆောင်တွေ ဆောက်လုပ်ပေးလာမယ်ဆိုရင်တော့ တမျိုးပေါ့နော်။ အခုက စခန်းတွေမှာက နေစရာတောင်မရှိတဲ့အနေအထားပါ။”လို့ ရခိုင်ပြည်နယ်ပညာရေးဌာန ဒုတိယပြည်နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီစစ်ဘေးရှောင်တွေ မိုးတွင်းကာလ နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ မြို့နယ်တမြို့ နယ်မှာ စခန်းနှစ်ခုစီ ဆောက်လုပ်နေရာချပေးသွားဖို့ ပြင်ဆင်နေပြီး အဲ့ဒီအသစ်ဆောက်လုပ်မယ့် စခန်းတွေမှာလည်း စာသင်ဆောင်တွေ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

 

#voiceofmyanamar #စစ်ရှောင်စခန်းတွေကလူဦးရေးလေးသောင်းနီးပါးမှာ ကျောင်းသားငါးထောင်ခန့်ရှိနေပြီးပညာသင်ကြားနိုင်ရေးအတွက်ခက်ခဲနေ #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW