ရွှေစက်တော် ဘေးမဲ့တောက လိပ်သားဖောက်စခန်းမှာ ရှားပါးကြယ်လိပ်တွေ စတင်ပေါက်ဖွားနေ

မင်းဘူး၊ မေ၂၈ – ၂၀၁၉

ဂျန်ကိုးလ် (VOM)

 

သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်ထိမ်းသိမ်းရေးဌာန ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောမှာ ရှားပါးမျိုးနွယ်ဖြစ်တဲ့ ကြယ်လိပ်တွေ စတင် ပေါက်ဖွားနေပြီလို့ အဲဒီဘေးမဲ့တောက သိရပါတယ်။

 

“အခုပေါက်တာက မိုးတကြိမ်ရွာလိုက်လို့။ သူတို့က မိုးမရွာရင် မပေါက်ဘူး။ မိုးစိုသွားမှ ပေါက်တယ်။ လူက ဥကျင်းတွေကို ဂရုစိုက်ပေးရတယ်။ မြေကျစ်ပြီး သားငယ်တိုးမထွက်နိုင်ရင် သေတာပေါ့။” လို့ တောခေါင်း ဒေါ်အေးအေးချိုက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်တွေက ရွှေစက်တော် ဘေးမဲ့တောမှာ အပူရှိန်ကြောင့် ကြယ်လိပ်တွေ သေဆုံးမှုရှိခဲ့တယ်ဆိုတာဟာ သားဖောက်မွေးမြူတဲ့အပိုင်းကမဟုတ်ဘဲ အရွယ်ရလာတဲ့လိပ်ငယ်တွေကို တဧက ဒါမှမဟုတ် နှစ်ဧက အကျယ် ခြံခတ်ပြီး သဘာဝအတိုင်းနေထိုင်ရှာဖွေစားတတ်အောင် လေ့ကျင့်ပေးတဲ့ သဘာဝတောထဲက အကောင်ငယ်တွေသေတာလို့ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို တာဝန်ယူနေတဲ့ ဦးစီးမှူး ဦးသိန်းလွင်က ပြောပါတယ်။

 

“သားဖောက်ပြီး လေးနှစ်သားလောက်အထိ စခန်းမှာကျွေးမွေးစောင့်ရှောက်တယ်။ လေးနှစ်ပြည့်လောက်မှာ သဘာဝအတိုင်း ရှာဖွေစားသောက် နေတတ်အောင် သဘာဝတောထဲမှာ ခြံခတ်ထားပြီး သဘာဝအတိုင်း ရှာဖွေစားသောက်စေတယ်။ ဒီနှစ်က ဖေဖေါ်ဝါရီ အကုန်မှာလွှတ်တော့ အရမ်းပူတဲ့ မတ်လနဲ့ ဧပရယ်လတို့နဲ့ တိုက်ဆိုင်သွားတာ။ ရေဓတ်ခမ်းခြောက်မှုကြောင့်သေတာလို့ စစ်ဆေးတွေ့ရှိတယ်။” လို့ ဆိုပါတယ်။

 

လိပ်တွေဟာစက်တင်ဘာလောက်မှာ မိတ်လိုက်ခြင်းကို စတင်ပြီး ဥ ဥကာ မေလလောက်မှာ ပေါက်လေ့ရှိတယ်လို့ သိရပါတယ်။ လိပ်တွေဟာ ဆီးကျောက်တည်တဲ့ ရောဂါအဖြစ်များပြီး လိပ်တွေရဲ့ကျန်းမာရေးအတွက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ  လိပ်မျိုးဆက်ရှင်သန်ထိန်းသိမ်းရေး ဆရာဝန်တွေကတာဝန်ယူ  ထိန်းသိမ်းစောင့်ရှောက်ပါတယ်။

 

လိပ်တွေကို ဒီလိုတကူးတက မွေးနေရတဲ့အကြောင်းက လိပ်တွေဟာ တောထဲမှာ သစ်သီးတွေကိုစားရင်း မစင်စွန့်တဲ့အခါမှာ သစ်စေ့တမျိုးဖြစ်ပေါ်သလို မစင်က မြေသြဇာဖြစ်တဲ့အတွက် အပူပိုင်းဒေသမှာ ပေါက်တဲ့အပင်တွေ စိုက်ပြီးသားဖြစ်တယ်လို့ တောခေါင်း ဒေါ်အေးအေးချိုက ရှင်းပြပါတယ်။

 

အဲဒီစခန်းအနေနဲ့ ၁၉၉၉ ခုနှစ်ကစပြီး ကြယ်လိပ်တွေကို လေ့ကျင့်ပျိုးထောင်ကာ အရွယ်ရောက်လာရင် သဘာဝတောထဲကို အပြီးလွှတ်ပေးလေ့ ရှိပါတယ်။ ၂၀၁၆ ခုနှစ်က ၁၇၅၀ ကောင် လွှတ်ပေးခဲ့ပြီး ယခု လေ့ကျင့်ဆဲ ၆၅ဝ ကောင်အပြင် လတ်တလော စာရင်းမပြုစုရသေးတဲ့ နေ့စဉ်သားပေါက်တွေ ရှိတယ်လို့ ဆိုပါတယ်။

 

ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောဟာ မင်းဘူးမြို့နယ် ပုသိမ်၊ မုံရွာ လမ်းမကြီး ရွှေစက်တော်ဘုရားလမ်း ဝင်ပေါက်မှာရှိပြီး ဧက ၁၁၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ရွှေစက်တော်ဘေးမဲ့တောလိပ်သားဖောက်စခန်းမှာရှားပါးကြာယ်လိပ်တွေပေါက်ပွား # မင်းဘူး #ရွှေစက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW