လုံခြုံရေးကြောင့်ဆိုပြီး စစ်တွေမြို့မရဲစခန်းအနီးက ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်း

စစ်တွေ၊ မေ ၃၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းမကြီးပေါ်က မြို့မရဲစခန်းရဲ့ အပြင်ဘက် ပတ်လည်မှာရှိနေတဲ့ ဈေးဆိုင်ခန်းတွေကို လုံခြုံးရေးကြောင့်ဆိုပြီး ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။

 

“စာထုတ်တာကတော့ ၈ လပိုင်းလောက်က ထင်ပါတယ်။ မမှတ်မိတော့ဘူးဗျ။ အဲ့ဒီတုန်းက ကျနော်တို့ကို ပြောတာက ခြံစည်းရိုးခတ်မယ်၊ ဖယ်သင့်ရင်ဖယ်ပေးရမယ်လို့ ပြောတာပေါ့။ အခုနောက်ပိုင်းမှာတော့ လုံခြုံးရေးအရဖယ်ရှားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။”လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးသာမြင့်က ပြောပါတယ်။

 

အဲ့ဒီဈေးဆိုင်ခန်းတွေရှိတဲ့နေရာဟာ ရဲစခန်းပိုင်မြေနေရာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကနေ ရဲတပ်ဖွဲ့ကဆောက်လုပ်ပြီး  ငှားရမ်းထားခဲ့တာ ဖြစ်ပါတယ်။ အရင်က ရဲဌာနအနနဲ့ ရံပုံငွေရရှိရေးအတွက် ငှားရမ်းပေးခဲ့တာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ဒေသအခြေအနေအရ လုံခြုံရေးစိုးရိမ်ရတာကြောင့် အခုလိုဖယ်ရှားခိုင်းရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

ခုလိုဖယ်ရှားခိုင်းတာနဲ့ပတ်သက်လို့ ဈေးဆိုင်ပိုင်ရှင်တွေဘက်က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတ်ာအတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီကိုလည်း အသနားခံစာ ပေးပို့ထားပေမယ့် တစုံတရာထူးခြားတာမရှိဘူးလို့ ပြောပါတယ်။

 

“ကျမတို့ကတော့ ဒီဆိုင်လေးတဆိုင်နဲ့ပဲ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတာပါ။ သူတို့က ဒီလိုမျိုး ဆိုင်ခန်းဖယ်ပေးရမယ်ဆိုတော့ ဒီဆိုင်ကပစ္စည်းတွေကို ဘယ်မှာသွားရောင်းပြီးတော့ ဘာနဲ့စားရမလဲ။ အဲ့ဒါတွေက ကျမတို့ဒီဆိုင်ခန်း ၇၆ ခန်းစလုံးက ကိုယ့်အပူနဲ့ကိုယ် မစားနိုင်မသောက်နိုင်ဖြစ်နေကြတာပါ။”လို့ အထည်ဆိုင်ပိုင်ရှင် မဝင်းဝင်းအေးက ပြောပါတယ်။

 

လက်ရှိမှာတော့ အဲ့ဒီဈေးဆိုင်ခန်း ၇၆ ခန်းကို မေလ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖယ်ပေးရမယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီးက ခေါ်ယူအသိပေးခဲ့ပါတယ်။

 

“ကျနော်တို့ကတော့ ဒီနေရာက ဖယ်ရှားပေးရမယ်ဆိုရင် ဖယ်ပေးပါမယ်။ ဒါပေမယ့် ကျနော်တို့ ဈေးဆိုင်တွေကို ဆက်ပြီးတော့ ရောင်းချနိုင်ဖို့အတွက် နေရာသစ်တခုချပေးဖို့လိုတယ်လို့ ဝန်ကြီးချုပ်နဲ့ဆွေးနွေးတဲ့အခါမှာ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ကလည်း ဒါကိုလက်ခံတယ်။ မြေနေရာကိုလည်းကျွန်တော်တို့ပြောခဲ့ပါတယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။”လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ရဲမှူးကြီးက ဈေးဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံတဲ့အခါမှာ ဝန်ကြီးချုပ်နဲ့ဆွေးနွေးထားချက်အရ နေရာအသစ်ချထားပေးမှုကို စောင့်ဆိုင်းပေးမှာဖြစ်ပြီး အစိုးရဘက်က အကောင်အထည်ဖော်ဆောင်မှုမရှိပါက ရက် ၂၀ အတွင်းမှာ ဖယ်ရှားပေးရမယ်လို့ ပြောဆိုခဲ့ကြောင်း ဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

#voiceofmyanmar #လုံခြုံရေးကြောင့်ဆိုပြီးစစ်တွေမြို့မရဲစခန်းနားကဆိုင်ခန်းတွေကိုဖယ်ရှားခိုင်း #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW