အရပ်သားများ ထိခိုက်သေဆုံးမှု ANP အစီရင်ခံစာထုတ်ပြန်

စစ်တွေ၊ မေ ၃၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးနေရမှုနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ စုံစမ်းရေးကော်မရှင်က လေ့လာရေးသားထားတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

“မတရားဖမ်းဆီးခံရမှုတွေ၊ ဖမ်းဆီးခံရင်းနဲ့ သေဆုံးသွားရတဲ့ကိစ္စတွေ၊ ရခိုင်တွေရဲ့အသည်းနှလုံးဖြစ်တဲ့ မြောက်ဦးကို ထိခိုက်ခံရတဲ့အနေအထားတွေ စသဖြင့်၊ ပြီးတော့ နေရပ်ကိုစွန့်ပြီးတော့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်တွေ့ အတိဒုက္ခတွေကို အများဆုံးတိတိကျကျထင်ဟပ်ပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။”လို့ ကော်မရှင် ဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

 

ဒါ့အပြင် တိုက်ပွဲမဟုတ်ဘဲနဲ့ ပစ်ခတ်လို့ ဒဏ်ရာရသေဆုံးကြမှုမှာ မြောက်ဦး၊ဘူသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်တွေမှာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

 

“ တပတ်အတွင်း တင်ပြပါဆိုတဲ့ အနေအထားကို ကျွန်မတို့က အချိန်တော်တော်များများယူခဲ့ရပါတယ်။ ပြည့်စုံနိုင်သထက် ပြည့်စုံအောင်ကြိုးစားရင်းနဲ့ အဆုံးမရှိနိုင်တဲ့ ဒီပဋိပက္ခရဲ့အနေအထားတွေမှာ လက်လှမ်းမှီသလောက်နဲ့ ပြည့်စုံနိုင်သမျှကိုတော့ အပိုင်းတစ်အနေနဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။” လို့လည်း ဒေါ်အေးနုစိန်က ပြောပါတယ်။

 

အဲ့ဒီအစီရင်ခံစာကို မနေ့ မေ ၃၀ ရက်က စတင်ကျင်းပပြုလုပ်နေတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုညီလာခံ ပထမနေ့ ဒုတိယပိုင်းမှာ ထုတ်ပြန်လိုက်ပြီး မီဒီယာတွေကိုရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

အဲ့ဒီကော်မတီအနေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံပြည်သူတွေ ထိခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ကြတဲ့အခါမှာ သွားလာရေးအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် လေ့လာစုံစမ်းမှုလုပ်ငန်းစဉ်တွေမှာ အခက်အခဲတချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ရှိ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က ဆောင်ရွက်သင့်တဲ့အကြောင်းအရာတွေကို အချက်ငါးချက်နဲ့ ရေးသားအကြံပြုထားတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးဦးလှစောက ပြောပါတယ်။

 

#voiceofmyanmar # အရပ်သားများထိခိုက်သေဆုံးမှုANPအစီရင်ခံစာထုတ်ပြန် #ရခိုင်အမျိုးသားပါတီ  #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW