အမေရိကန်နဲ့ ဆွေးနွေးပွဲ မအောင်မြင်လို့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတွေ ကွပ်မျက်ခံရ

ဆိုးလ်၊ မေ-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့  အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့အတွက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ် ကင်ဟုတ်ချောတို့ကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းဌာနက တခုက မေ ၃၁ ရက်မှာ ဖော်ပြပါတယ်။

 

သူတို့ဟာ အဲဒီထိပ်သီးဆွေးနွေးပွဲအတွက် လုပ်ငန်းဖော်ဆောင်ရေးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီး မအောင်မြင်တဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ကွပ်မျက်ခံလိုက်ရတာပါ။

 

ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အတူဆောင်ရွက်ခဲ့တဲ့ မြောက်ကိုရီးယား အထူးကိုယ်စားလှယ် ကင်ယုံချောကိုလည်း ရာထူးကနေထုတ်ပယ်ပြီး အဓမ္မခိုင်းစေတာတွေနဲ့ အယူဝါဒဆိုင်ရာ ပညာပေးတာတွေ လုပ်ခဲ့တယ်လို့ ချိုဆန်အယ်ဘို သတင်းစာက ဖော်ပြပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဒီပြည်မှာ မငြိမ်သက်မှုတွေနဲ့ မကျေနပ်မှုတွေကို အာရုံလွှဲစေဖို့အတွက် ဒီလို့လုပ်ဆောင်တာလို့ ယုံကြည်ရကြောင်း အဲဒီ သတင်းစာက ဖော်ပြပါတယ်။

 

ကင်ဟုတ်ချောဟာ  နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူလေးဦးနဲ့အတူ မီရင်မ်လေဆိပ်မှာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ကွပ်မျက်ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတဦးက ပြောတယ်လို့ ချိုဆန်အယ်ဘို သတင်းစာက ဖော်ပြထားပြီး သူတို့ကို အမေရိကန်အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကင်ဟုတ်ချောဟာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဂန်နှဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ကွပ်မျက်ခံလိုက်ရတဲ့ ကင်ဟုတ်ချောနဲ့ အတူ လုပ်ငန်းဖော်ဆောင်ရေးအဆင့်ဆွေးနွေးပွဲတွေလုပ်ဆောင်ခဲ့တဲ့ ကင်ဆောင်ဟေးကိုလည်း နိုင်ငံရေးအကျဉ်းစခန်းတခုသို့ ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတဦးက ပြောပါတယ်။

Ref : CNA

Photo : AP

#voiceofmyanmar # အမေရိကန်နဲ့ဆွေးနွေးပွဲမအောင်မြင်လို့မြောက်ကိုရီးယားထိပ်တန်းတာဝန်ရှိသူတွေ ကွပ်မျက်ခံရ #တောင်ကိုရီးယား #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW